မီယာမီ အိုးပင်းတင်းနစ်ပြိုင်ပွဲ ဂျိုဟန်နာကွန်တာ ဗိုလ်စွဲ

မီယာမီအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်တွင် ဗြိတိန်သူ ဂျိုဟန်နာ ကွန်တာက ဒိန်းမတ်သူ ကာရိုလိုင်း ဝေါ်ဇနီယာကီကို ၆-၃၊ ၆-၃ ဖြင့် နှစ်ပွဲပြတ် အနိုင်ယူပြီး ဗိုလ်စွဲခဲ့သည်။

၎င်း၏ ကစားသမားဘ၀ အကြီးကျယ်ဆုံးဆုဖလားရရှိခဲ့သည့် ကွန်တာ (၂၅)နှစ်သည် မီယာမီအိုးပင်း ဆုဖလား နှင့်အတူ ဆုကြေးပေါင် ၉၄၀,၀၀၀ ဆွတ်ခူးရရှိခဲ့ပြီး ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် သတ္တမ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

၂၀၁၅ ဇွန်လက ကမ္ဘာ့အဆင့် (၁၄၆) တွင် ရပ်တည်ခဲ့ရသူ ကွန်တာသည် ဂရင်းဆလမ် ဆုဖလား တစ်လုံးနှင့် နောက်ထပ် တိုးတက်မှုအလားအလာများ ရှိကြောင်း ယုံကြည်နေပြီး ကမ္ဘာ့အဆင့်နံပါတ် (၁) တင်းနစ်သမား ဖြစ်လာရန် ရည်မှန်းနေသည်။

‘‘ဒီယုံကြည်မှုက ကျွန်မ ကလေးဘ၀ကတည်းက ရှိခဲ့တာပါ။ ကမ္ဘာပေါ်မှာ အကောင်းဆုံး တင်းနစ် ကစား သမား ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ ကြိုးစားအားထုတ်မှုတွေ အများကြီးလုပ်ဖို့ လိုပါသေးတယ်’’ဟု ကွန်တာက ပွဲအပြီးတွင် ပြောကြားသည်။

ဗြိတိန်၏ လက်ရှိအဆင့် (၁) အမျိုးသမီးမယ် ကွန်တာသည် ဆီမီးဖိုင်နယ်တွင် အမေရိကန်မှ နာမည်ကြီး ဗီးနပ်စ်ဝီလျံကို ကျော်ဖြတ်ခဲ့ပြီး ယခင်ကမ္ဘာ့အဆင့် နံပါတ် (၁) တင်းနစ်သမားဟောင်း ဝေါ်ဇနီယာကီက ချက်နိုင်ငံသူ ကာရိုလိုင်နာပီလစ်ကိုဗာ (ကမ္ဘာ့ အဆင့် ၃) ကို အနိုင်ယူခဲ့သည်။

-Ref:bbc