ရန္ကုန္ၿမိဳ႕ပတ္ရထားတြင္ ဘက္ထရီလွ်ပ္စစ္စက္ေခါင္း စတင္အသုံးျပဳ

ရန္ကုန္ၿမိဳ႕ပတ္ရထားတြင္ ဘက္ထရီလွ်ပ္စစ္စက္ေခါင္း စတင္အသုံးျပဳ
==========================
ဆီသုံးစြဲမႈေလွ်ာ့ခ်ၿပီး ကုန္က်စရိတ္သက္သာမည္
———————-
ရန္ကုန္ၿမိဳ႕တြင္း သယ္ယူပို႔ေဆာင္ေရးစနစ္ တိုးတက္ေစရန္ ရည္႐ြယ္၍ ဘက္ထရီလွ်ပ္စစ္စက္ေခါင္းမ်ားကို အသုံးျပဳသည့္ ရထားေျပးဆြဲမႈကို ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္ဘူတာႀကီး၌ စတင္ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါဖြင့္ပြဲအခမ္းအနားကို ရန္ကုန္ဘူတာႀကီး အမွတ္(၁)စႀကႍတြင္ က်င္းပခဲ့ၿပီး ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားႏွင့္ ျမန္မာ့မီးရထားမွ အႀကီးအကဲမ်ား တက္ေရာက္ခဲ့ၾကသည္။

မီးရထားက လက္ရွိျမင္းေကာင္ေရ (၁၃၀၀)အားဒီဇယ္လွ်ပ္စစ္စက္ေခါင္း(၆)ေခါင္းကို ျမင္းေကာင္ေရ(၁၆၀၀)အား ဘက္ထရီလွ်ပ္စစ္စက္ေခါင္းအျဖစ္ ေျပာင္းလဲတည္ေဆာက္ခဲ့ရာ ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္အတြင္း ၿပီးစီးမည္ျဖစ္ၿပီး အလားတူယခု ၂၀၂၆-၂၀၂၇ ဘ႑ာႏွစ္တြင္လည္း ဘက္ထရီလွ်ပ္စစ္စက္ေခါင္း (၆)ေခါင္း စုစုေပါင္း(၁၂)ေခါင္းကို ထုတ္လုပ္သြားမည္ျဖစ္သည္။

ထုတ္လုပ္ၿပီးျဖစ္သည့္ ဘက္ထရီလွ်ပ္စစ္စက္ေခါင္းမ်ားကို ေနျပည္ေတာ္-မႏၲေလးလမ္းပိုင္းတြင္ ေလေအးေပးစက္ပါ ေလအိတ္အထူးအျမန္ရထားျဖင့္ ၂၂.၁၁.၂၀၂၅ ရက္ေန႔မွစတင္၍လည္းေကာင္း၊ ျပင္ဦးလြင္ဇီးပင္ႀကီး ေတာင္ေပၚလမ္းပိုင္း လူစီးရထားတြင္ ၁၉.၁၂.၂၀၂၅ရက္ေန႔မွစတင္၍လည္းေကာင္း ေျပးဆြဲအသုံးျပဳခဲ့ၿပီး ယေန႔မွစတင္၍ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းပိုင္းတြင္ ဘက္ထရီလွ်ပ္စစ္ ရထားစက္ေခါင္း(၁)ေခါင္းကို လူစီးတြဲ(၄)တြဲႏွင့္ ဘရိတ္တြဲ(၁)တြဲခ်ိတ္ဆက္အသုံးျပဳ၍ ရန္ကုန္-တိုးေၾကာင္ကေလး၊ ရန္ကုန္-အင္းစိန္ႏွင့္ ရန္ကုန္ၿမိဳ႕ ပတ္ခရီးစဥ္မ်ားကို ေျပးဆြဲေပးမည္ျဖစ္သည္။

ဘက္ထရီစက္ေခါင္းအသုံးျပဳျခင္းေၾကာင့္ တစ္ရက္လွ်င္ က်ပ္ေငြ ၆ သိန္းေက်ာ္ ၿခိဳးၿခံေခြၽတာႏိုင္မွာျဖစ္ၿပီး တစ္လလွ်င္ က်ပ္ေငြ ၁၈ သန္းေက်ာ္ ကုန္က်စရိတ္ သက္သာႏိုင္မွာျဖစ္ကာ ဒီဇယ္ဆီ တစ္လလွ်င္ ၁၉၈၀ ဂါလံခန႔္ ေလွ်ာ့ခ်သုံးစြဲႏိုင္ေၾကာင္း သိရသည္။

ဘက္ထရီစြမ္းအင္သုံး စက္ေခါင္းမ်ား အသုံးျပဳျခင္းေၾကာင့္ ကာဗြန္ထုတ္လႊတ္မႈ ေလွ်ာ့ခ်ႏိုင္ျခင္း၊
အသံဆူညံမႈ နည္းပါးလာျခင္း၊
သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈ ေလွ်ာ့ခ်ႏိုင္ျခင္း၊ ႏိုင္ငံျခားမွ စက္သုံးဆီ တင္သြင္းရန္လိုအပ္မႈ ေလွ်ာ့ခ်ႏိုင္ျခင္းတို႔ကဲ့သို႔ အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္မည္ျဖစ္သည္။

ယခုလို ဘက္ထရီလွ်ပ္စစ္စက္ေခါင္းမ်ားႏွင့္ ရထားတြဲမ်ားကို တျဖည္းျဖည္း အစားထိုးအသုံးျပဳလာျခင္းသည္ စက္သုံးဆီအခက္အခဲကို ေလွ်ာ့ခ်ႏိုင္သလို ႏိုင္ငံတစ္ဝန္း ခရီးသည္ႏွင့္ ကုန္စည္သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ား တိုးတက္လာရန္ အေထာက္အကူျဖစ္ေစမည္ျဖစ္ေၾကာင္း သိရသည္။


ရန်ကုန်မြို့ပတ်ရထားတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်း စတင်အသုံးပြု
==========================
ဆီသုံးစွဲမှုလျှော့ချပြီး ကုန်ကျစရိတ်သက်သာမည်
———————-
ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ် တိုးတက်စေရန် ရည်ရွယ်၍ ဘက်ထရီလျှပ်စစ်စက်ခေါင်းများကို အသုံးပြုသည့် ရထားပြေးဆွဲမှုကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားကို ရန်ကုန်ဘူတာကြီး အမှတ်(၁)စင်္ကြံတွင် ကျင်းပခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာ့မီးရထားမှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

မီးရထားက လက်ရှိမြင်းကောင်ရေ (၁၃၀၀)အားဒီဇယ်လျှပ်စစ်စက်ခေါင်း(၆)ခေါင်းကို မြင်းကောင်ရေ(၁၆၀၀)အား ဘက်ထရီလျှပ်စစ်စက်ခေါင်းအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးမည်ဖြစ်ပြီး အလားတူယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း ဘက်ထရီလျှပ်စစ်စက်ခေါင်း (၆)ခေါင်း စုစုပေါင်း(၁၂)ခေါင်းကို ထုတ်လုပ်သွားမည်ဖြစ်သည်။

ထုတ်လုပ်ပြီးဖြစ်သည့် ဘက်ထရီလျှပ်စစ်စက်ခေါင်းများကို နေပြည်တော်-မန္တလေးလမ်းပိုင်းတွင် လေအေးပေးစက်ပါ လေအိတ်အထူးအမြန်ရထားဖြင့် ၂၂.၁၁.၂၀၂၅ ရက်နေ့မှစတင်၍လည်းကောင်း၊ ပြင်ဦးလွင်ဇီးပင်ကြီး တောင်ပေါ်လမ်းပိုင်း လူစီးရထားတွင် ၁၉.၁၂.၂၀၂၅ရက်နေ့မှစတင်၍လည်းကောင်း ပြေးဆွဲအသုံးပြုခဲ့ပြီး ယနေ့မှစတင်၍ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ် ရထားစက်ခေါင်း(၁)ခေါင်းကို လူစီးတွဲ(၄)တွဲနှင့် ဘရိတ်တွဲ(၁)တွဲချိတ်ဆက်အသုံးပြု၍ ရန်ကုန်-တိုးကြောင်ကလေး၊ ရန်ကုန်-အင်းစိန်နှင့် ရန်ကုန်မြို့ ပတ်ခရီးစဉ်များကို ပြေးဆွဲပေးမည်ဖြစ်သည်။

ဘက်ထရီစက်ခေါင်းအသုံးပြုခြင်းကြောင့် တစ်ရက်လျှင် ကျပ်ငွေ ၆ သိန်းကျော် ခြိုးခြံချွေတာနိုင်မှာဖြစ်ပြီး တစ်လလျှင် ကျပ်ငွေ ၁၈ သန်းကျော် ကုန်ကျစရိတ် သက်သာနိုင်မှာဖြစ်ကာ ဒီဇယ်ဆီ တစ်လလျှင် ၁၉၈၀ ဂါလံခန့် လျှော့ချသုံးစွဲနိုင်ကြောင်း သိရသည်။

ဘက်ထရီစွမ်းအင်သုံး စက်ခေါင်းများ အသုံးပြုခြင်းကြောင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ခြင်း၊
အသံဆူညံမှု နည်းပါးလာခြင်း၊
သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျှော့ချနိုင်ခြင်း၊ နိုင်ငံခြားမှ စက်သုံးဆီ တင်သွင်းရန်လိုအပ်မှု လျှော့ချနိုင်ခြင်းတို့ကဲ့သို့ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

ယခုလို ဘက်ထရီလျှပ်စစ်စက်ခေါင်းများနှင့် ရထားတွဲများကို တဖြည်းဖြည်း အစားထိုးအသုံးပြုလာခြင်းသည် စက်သုံးဆီအခက်အခဲကို လျှော့ချနိုင်သလို နိုင်ငံတစ်ဝန်း ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးတက်လာရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။