ဗုဒၶဟူးေန႔တိုင္း အစိုးရ႐ုံးဝန္ထမ္းမ်ား Work From Home ေဆာင္႐ြက္ရန္ ေၾကညာ

ဗုဒၶဟူးေန႔တိုင္း အစိုးရ႐ုံးဝန္ထမ္းမ်ား Work From Home ေဆာင္႐ြက္ရန္ ေၾကညာ
=========================
အေရွ႕အလယ္ပိုင္းေဒသတြင္ ျဖစ္ပြားေနေသာ ပဋိပကၡမ်ားေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စက္သုံးဆီရွားပါးမႈကို ႀကိဳတင္ကာကြယ္ရန္ ရည္႐ြယ္၍ အစိုးရအေနျဖင့္ အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း ႐ုံးဝန္ထမ္းမ်ားအား ေနအိမ္မွသာ ႐ုံးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ သတ္မွတ္ေၾကညာလိုက္သည္။

ယခင္ကလည္း စက္သုံးဆီသုံးစြဲမႈ ေလွ်ာ့ခ်ႏိုင္ရန္ ရည္႐ြယ္၍ စုံ၊ မ ယာဥ္သုံးစြဲသည့္စနစ္ႏွင့္ စက္သုံးဆီဝယ္ယူမႈ စနစ္မ်ားကို သတ္မွတ္ခဲ့ၿပီးျဖစ္ကာ လက္ရွိတြင္လည္း ႏိုင္ငံေတာ္အေနျဖင့္ စက္သုံးဆီတင္သြင္းရရွိေရးကို နည္းလမ္းမ်ိဳးစုံျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

လက္ရွိအခ်ိန္တြင္ စက္သုံးဆီအရန္လုံေလာက္မႈရွိေနေသာ္လည္း အနာဂတ္တြင္ ျဖစ္ေပၚလာႏိုင္သည့္ စြမ္းအင္ဆိုင္ရာ စိန္ေခၚမႈမ်ားကို ႀကိဳတင္ျပင္ဆင္ရန္အတြက္ ယခုကဲ့သို႔ စက္သုံးဆီသုံးစြဲမႈကို ေခြၽတာေလွ်ာ့ခ်ရန္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ၂၀၂၆ ခုႏွစ္၊ မတ္လ ၂၅ ရက္ေန႔မွ စတင္ကာ အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း အစိုးရ႐ုံးဌာနမ်ားမွ အရာထမ္း၊ အမႈထမ္းမ်ားသည္ သက္ဆိုင္ရာ႐ုံးမ်ားသို႔ မသြားေရာက္ဘဲ မိမိေနအိမ္မ်ားတြင္သာ ႐ုံးလုပ္ငန္းမ်ား ေဆာင္႐ြက္ၾကရန္ သတ္မွတ္ထားသည္။

ထိုသတ္မွတ္ခ်က္အရ ဝန္ထမ္းမ်ားအေနျဖင့္ အဆိုပါေန႔တြင္ တာဝန္မရွိေသာ ခရီးသြားလာမႈမ်ားႏွင့္ ယာဥ္သုံးစြဲမႈမ်ားကို ေရွာင္ၾကဥ္ၾကရန္လည္း အႀကံျပဳထားသည္။

ထို႔ျပင္ ပုဂၢလိကလုပ္ငန္းမ်ားကိုလည္း အစိုးရ႐ုံးမ်ားကဲ့သို႔ Work From Home စနစ္ျဖင့္ အတတ္ႏိုင္ဆုံး လိုက္နာေဆာင္႐ြက္ၾကရန္ တိုက္တြန္းထားသည္။

အဆိုပါ ေၾကညာခ်က္ကို သတင္းထုတ္ျပန္ေရးအဖြဲ႕၊ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီမွ ထုတ္ျပန္ထားၿပီး ေနာက္ထပ္ေၾကညာခ်က္ မထုတ္ျပန္မီအထိ အတည္ျဖစ္မည္ျဖစ္ေၾကာင္း သိရသည္။


ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးဝန်ထမ်းများ Work From Home ဆောင်ရွက်ရန် ကြေညာ
=========================
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ အစိုးရအနေဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးဝန်ထမ်းများအား နေအိမ်မှသာ ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် သတ်မှတ်ကြေညာလိုက်သည်။

ယခင်ကလည်း စက်သုံးဆီသုံးစွဲမှု လျှော့ချနိုင်ရန် ရည်ရွယ်၍ စုံ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူမှု စနစ်များကို သတ်မှတ်ခဲ့ပြီးဖြစ်ကာ လက်ရှိတွင်လည်း နိုင်ငံတော်အနေဖြင့် စက်သုံးဆီတင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် စက်သုံးဆီအရန်လုံလောက်မှုရှိနေသော်လည်း အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများကို ကြိုတင်ပြင်ဆင်ရန်အတွက် ယခုကဲ့သို့ စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှ စတင်ကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးများသို့ မသွားရောက်ဘဲ မိမိနေအိမ်များတွင်သာ ရုံးလုပ်ငန်းများ ဆောင်ရွက်ကြရန် သတ်မှတ်ထားသည်။

ထိုသတ်မှတ်ချက်အရ ဝန်ထမ်းများအနေဖြင့် အဆိုပါနေ့တွင် တာဝန်မရှိသော ခရီးသွားလာမှုများနှင့် ယာဉ်သုံးစွဲမှုများကို ရှောင်ကြဉ်ကြရန်လည်း အကြံပြုထားသည်။

ထို့ပြင် ပုဂ္ဂလိကလုပ်ငန်းများကိုလည်း အစိုးရရုံးများကဲ့သို့ Work From Home စနစ်ဖြင့် အတတ်နိုင်ဆုံး လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

အဆိုပါ ကြေညာချက်ကို သတင်းထုတ်ပြန်ရေးအဖွဲ့၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ထုတ်ပြန်ထားပြီး နောက်ထပ်ကြေညာချက် မထုတ်ပြန်မီအထိ အတည်ဖြစ်မည်ဖြစ်ကြောင်း သိရသည်။