အမေရိကအား ရှုတ်ချသည့် လူထုအစည်းအဝေးပွဲများကို မြောက်ကိုရီးယား ကျင်းပ, နျူစစ်ပွဲနှင့်ပတ်သက်၍ သတိပေး

ဆိုးလ်၊ ဇွန် ၂၆
မြောက်ကိုရီးယားနိုင်ငံသည် ကိုရီးယားစစ်ပွဲ ဖြစ်ပွားခြင်း ၇၃ နှစ် မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပြုံးယမ်းမြို့၌ လူထုအစည်းအဝေးပွဲများ ကျင်းပခဲ့ကာ အမေရိကန် ပြည်ထောင်စုကို ဖျက်ဆီးမည့် “လက်စားချေစစ်ပွဲ” ဟူသော နိုင်ငံရေး ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဇွန်လ ၂၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။
တနင်္ဂနွေ့နေက ပြုလုပ်ခဲ့သော ပြုံးယမ်းမြို့ တစ်လျှောက် လူထုအစည်းအဝေးပွဲများတွင် လုပ်သားပြည်သူနှင့် ကျောင်းသား ၁၂၀,၀၀၀ ခန့် ပါဝင်ခဲ့သည်ဟု နိုင်ငံပိုင် သတင်းဌာန ကေစီအင်န်အေက ဖော်ပြထားသည်။
ကေစီအင်န်အေက ထုတ်ပြန်လာသည့် ဓာတ်ပုံများတွင် လူများသည် “အမေရိကန် ပြည်မကြီး တစ်ခုလုံးဟာ ငါတို့ရဲ့ ပစ်ကွင်းထဲမှာ ရှိတယ်” နှင့် “နယ်ချဲ့အမေရိကဟာ ငြိမ်းချမ်းရေး ဖျက်ဆီးသူ” ဟူသော လက်ကိုင်ပိုစတာများအား ကိုင်ထားသည်ကို တွေ့ရသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သီးခြားအစီရင်ခံစာ တစ်စောင်တွင် မြောက်ကိုရီးယားက အမေရိကသည် နျူကလီးယားစစ်ပွဲကို စတင်ရန်အတွင် အသည်းအသန် ကြိုးပမ်းနေသည်ဟု ပြောကြားကာ ဝါရှင်တန်သည် ဒေသတွင်းသို့ မဟာဗျူဟာမြောက် လက်နက်များ ပေးပို့နေကြောင်း စွပ်စွဲခဲ့သည်။
ပြီးခဲ့သည့်နှစ်အတွင်း မြောက်ကိုရီးယား၏ လက်နက်ဒုံးကျည် အမျိုးမျိုး စမ်းသပ်မှုကြောင့် အမေရိကနှင့် တောင်ကိုရီးယားတို့ ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လာရာမှ ယခုကဲ့သို့ ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုများ မြင့်တက်လာခြင်းဖြစ်သည်။
Source:CNA