UEFA Nations League မှာ ဗိုလ်စွဲတဲ့ စပိန်

နယ်သာလန်နိုင်ငံ ရိုသာဒန်မြို့မှာ ဇွန် ၁၉ ရက် မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဗိုလ်လုပွဲမှာ စပိန်လက်ရွေးစင်အသင်းက ခရိုအေးရှားအသင်းကို ပင်နယ်တီအဆုံးအဖြတ် ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ယူပြီး ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပုံမှန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း ဂိုးမရှိသရေကျခဲ့လို့ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရာ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ဘဲ ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာ ခရိုအေးရှားအသင်းက လိုဗရိုနဲ့ ပတ်ကိုဗစ်တို့နှစ်ဦး လွဲချော်ခဲ့ပြီး စပိန်အသင်းက လာပေါ့တယောက်ပဲ လွဲချော်ခဲ့တာကြောင့် စပိန်အသင်း ချန်ပီယံဖြစ်ခဲ့တာပါ။
စပိန်အသင်းဟာ နေရှင်းလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပြီး နည်းပြ လူးဝစ်ဒယ်လာဖန်တီအတွက်လည်း နည်းပြဘဝအတွင်း ပထမဆုံးရရှိခဲ့တဲ့ ဆုဖလား ဖြစ်ပါတယ်။
စပိန်အသင်းဟာ ၂၀၂၁ ခုနှစ်ကလည်း ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပေမဲ့ ပြင်သစ်ကိုရှုံးနိမ့်ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒီဆုဖလားဟာ စပိန်လက်ရွေးစင်အသင်းအတွက် ၂၀၁၂ ခုနှစ်က ယူရိုဖလားရပြီးနောက်ပိုင်း ၁၁ နှစ်ကြာမှ ရရှိခဲ့တဲ့ ပထဆုံးဆုဖလား ဖြစ်ပါတယ်။