၂၀၂၃ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒ ယခင်အတိုင်းအပြောင်းအလဲမရှိဘဲ ဆက်လက် ကျင့်သုံး လျက် ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထုတ်ပြန်
၂၀၂၃ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းမှုမူဝါဒ ယခင်အတိုင်းအပြောင်းအလဲ မရှိဘဲ ဆက်လက် ကျင့်သုံးလျက် ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။ ယင်းသို့ ထုတ်ပြန်ထားသည့်မူဝါဒမှာ လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက်သာ ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း၊ မော်တော် ယာဉ်တင်သွင်းမှုနှင့် ပတ်သက်ပြီး လက်ရှိချ မှတ်ဆောင်ရွက်နေသည့် မူဝါဒများ ပြောင်းလဲ ခြင်းမရှိဘဲ ဆက်လက်ကျင့်သုံးလျက်ရှိသည် ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ ၂၀၂၃ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ်အား သတ်မှတ်ရာ တွင် လူစီးမော်တော်ယာဉ်များအနေဖြင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ၊ လုပ်ငန်းသုံးမော်တော်ယာဉ်များ ဖြစ်သည့် ကုန် တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ၊ မီးသတ် ယာဉ်၊ လူနာတင်ယာဉ်နှင့် ယန္တယားယာဉ်များ ကို ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ထုတ်လုပ် ထားသည့် မော်တော်ယာဉ်များကို တင်သွင်း နိုင်ကြောင်း၊ လူစီးမော်တော်ယာဉ်၊ ကုန် တင် ယာဉ်၊ ခရီးသည်တင်ယာဉ်၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်များကို တင်သွင်းရာတွင် ဘယ်မောင်းများကိုသာ တင်သွင်းခွင့်ပြု ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မူဝါဒမှာအပြောင်းအလဲမရှိုသဖြင့် စျေး ကွက်အတွင်း ကြီးကြီးမားမား ရိုက်ခတ်မှုမရှိ ကြောင်း မော်တော်ယာဉ်ဝယ်ရောင်းအချို့က ပြောကြားသည်။
“မူဝါဒကတော့ အရင်အတိုင်းပဲဆိုတော့ ကားစျေးကွက်မှာ ထူးထူးခြားခြားပြောင်းလဲ တာတော့ မရှိပါဘူး။ အဓိက SKD တွေ ပြန် ထုတ်မလားဆိုတာကိုပဲ စျေးကွက်ကစောင့် ကြည့်နေတဲ့သဘောပဲရှိတယ်။ သူတို့ပြန်ထွက် လာရင်တော့ စျေးတွေကစားနိုင်တယ်” ဟု မော်တော်ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းလုပ် ကိုင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။ လက်ရှိတွင် မော်တော်ယာဉ်စျေးကွက် အတွင်း ဖောက်စွပ်ဖြတ် စက်ကားများ ဝင်ရောက်နေသဖြင့် အရောင်းအဝယ် ပြုလုပ်ရာတွင် သတိထားကြရန် မော်တော်ယာဉ် ရောင်း ဝယ်သူအချို့က သတိပေးပြောကြားထားသည်။ မော်တော်ယာဉ်သက်တမ်းတိုးရာတွင် ယခင်က ယာဉ်မှန်မမှန်စစ်ဆေးပြီးမှသာ သက်တမ်းတိုးနိုင်သော်လည်း ကိုဗစ်ကာကွယ် ရေးလုပ်ငန်းများကြောင့်ဟု ဆိုကာ နှစ်နှစ် ကျော်ကြာမြင့်သည်အထိ ပြန်လည်လုပ် ဆောင်ပေးခြင်းမရှိသေးကြောင်း မော်တော် ယာဉ်စျေးကွက်အတွင်းမှ သိရသည်။
ကညနမှ ယာဉ်စစ်ပေးခြင်း မရှိသေး သော်လည်း ကားဝယ်ရောင်းစာချုပ်ချုပ်ဆိုရာ တွင် ရောင်းဝယ်သည့် ယာဉ်မှာ ဖောက်စွတ်၊ ဖြတ်ဆက် ပါပါက ငွေပြန်လည်ပေးလျော်ရ မည်အချက်ကို ထည့်သွင်းချုပ်ဆိုပါက အကောင်းဆုံးဖြစ်ကြောင်း ဝါရင့် ကားဝယ်ရောင်း လုပ်ကိုင်သူများက သုံးသပ်ပြောကြားသည်။ နိုင်ငံခြားငွေ သုံးစွဲမှုလျော့နည်းစေရန်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းခွင့်များကို ပိတ်ပင်ထားပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဲတွင် ရွှေတံဆိပ်ရရှိသူများကို မော်တော်ယာဉ်တင်သွင်းခွင့်သာ ပြုထား သည်။
ပြီးခဲ့သည့်နှစ်အောက်တိုဘာလပိုင်းမှ စတင်ကာ COVID-19 ရောဂါ ကူးစက်မှု နောက်ဆက်တွဲအနေဖြင့် စီးပွားရေး လုပ်ငန်းများ တုံ့ဆိုင်းခြင်း၊ နိုင်ငံ၏ ပို့ကုန်တင်ပို့မှု လျော့ ကျခြင်း အစရှိသည့် အကြောင်းရင်းများ ကြောင့် ပြည်ပမှ ကုန်စည်များ တင်သွင်းမှုနှင့် စပ်လျင်း၍ နိုင်ငံခြားငွေကြေး အသုံးပြုမှုကို လျော့ချနိုင်ရန် ရည်ရွယ်၍ လူစီးမော်တော် ယာဉ်တင်သွင်းခွင့်အား ယာယီရပ်ဆိုင်းထား သည်ဟု ကုန်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် မော်တော်ယာဉ် အရောင်းစင်တာ အသစ်ဖွင့်လှစ်ခွင့်အား အောက်တိုဘာ ၁ ရက်မှ စတင်၍ ယာယီ ရပ်ဆိုင်းထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။