အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူများ မှတ်ပုံတင်ရမည်ဖြစ်ပြီး ငွေကြေးခဝါချမှုနှင့် ပတ်သက် သည့် သတင်းများရှိပါက ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပေးပို့ရမည်

အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူများ မှတ်ပုံတင်ရမည်ဖြစ်ပြီး ငွေကြေးခဝါချမှုနှင့် ပတ်သက် သည့် သတင်းများ ရှိပါက ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပေးပို့ရမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ က သတင်းပို့အဖွဲ့အစည်း ဖြစ်သည့် အိမ်ခြံမြေ အကျိုးဆောင်များဆိုင်ရာညွန်ကြားချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် ဖော် ပြထားသည်ကို တွေ့ရသည်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ် ကိုင်သူများမှာ မြို့နယ်အဆင့်မှစတင်ကာ မှတ်ပုံတင်ရမည်ဖြစ်ပြီး ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင် ရာသင်တန်းသို့ တက်ရောက်ပြီးသူ ဖြစ်သူဖြစ် ကြောင်း အထောက်အထားလက်မှတ်ရှိရ မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာနည်းဥပဒေ၊ ဥပဒေ၊ အမိန့်နှင့် ညွန်ကြားချက်အစရှိသည့် အသိပညာမြှင့်တင်ရေး သင်တန်းများသို့ တက်ရောက်ပါမည်ဆိုသည့် ကတိခံဝန်ချက်၊ အိမ်ခြံမြေအကျိုးဆောင်အဖြစ် ဆောင်ရွက် မည့်သူ အသုံးပြုမည့် ဘဏ်စာရင်းဖွင့်လှစ် ထားရှိမှုနှင့် ဘဏ်စာရင်း ရှင်းတမ်းမိတ္တူ အစ ရှိသည်တို့ဖြင့် မှတ်ပုံတင်လျှောက်ထားရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများမှာ သက်ဆိုင်ရာမြို့နယ်အဆင့်က ထုတ်ပေးထားသည့် အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်ရှိရမည်ဖြစ်ကြောင်း၊ အိမ်ခြံ မြေ ရောင်းဝယ်ဌားရမ်းမည့်သူနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို စုဆောင်းရယူပြီး မှတ်တမ်းထားရှိရမည်ဖြစ် ကြောင်း၊ တည်ဆဲအခွန်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အခွန်ထမ်းဖြစ်ရမည် ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

ထို့ပြင် ဆောင်ရွက်ခဲ့သော အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှတ်တမ်းများကို ငွေ ကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ မှုခင်းများ အပါအဝင် ပြစ်မှုများအတွက် လိုအပ်ပါက အထောက်အထားအဖြစ် အသုံးပြုနိုင်ရန် သိမ်းဆည်းထားပြီး ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့နှင့် သက်ဆိုင်ရာတ ရားဥပဒေစိုးမိုးရေးအဖွဲ့က လိုအပ်ချက်အရ တောင်းခံပါက အလျင်အမြန်ပို့နိုင်ရန်စီစဉ် ထားရမည်ဖြစ်ကြောင်း၊ ငွေကြေးလွှဲပြောင်းမှု ဆိုင်ရာများတွင် သက်ဆိုင်ရာ အာဏာပိုင်က ထုတ်ပြန်ထားသည့် ငွေပေးချေခြင်းဆိုင်ရာ နည်းလမ်းများအတိုင်းလိုက်နာဆောင်ရွက်ရ မည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက ငွေ ကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့သို့ တင်ပြရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်ကိုတွေ့ရသည်။ ထို့ပြင် အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်း လုပ်ကိုင်သူများသည် လုပ်ငန်းများ ဆောင်ရွက်ရာတွင်ငွေကြေးခဝါချမှု တိုက် ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်တည်ဆဲဥပဒေတစ်ရပ်ရပ်တို့နှင့် ငြိစွန်းနိုင်သည်ဟု သံသယဖြစ်ဖွယ် တွေ့ရှိပါက ဝန်ဆောင်မှုပေးအပ်ခြင်းကို ရပ်စဲပြီး ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့သို့ သတင်းပို့ ရမည်ဖြစ်ကြောင်း၊ ညွန်ကြားချက်များကို လိုက်နာခြင်းမရှိသည့် အိမ်ခြံမြေအ ကျိုးဆောင်များမှာ တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။