Meta ကုမ္ပဏီမှ ဝန်ထမ်း ၁၁,၀၀၀ လျော့ချ

Facebook ၊ Instagram နဲ့  WhatsApp တို့ကို ပိုင်တဲ့ Meta နည်းပညာကုမ္ပဏီဟာ ဝန်ထမ်းအင်အား ၁၃ ရာခိုင်နှုန်းလောက်ကို လျှော့ချခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းရှိ ဝန်ထမ်းအင်အား ၈၇,၀၀၀ လောက်ထဲက ဝန်ထမ်း ၁၁,၀၀၀ ကို လျှော့ချခဲ့တာပါ။ ဒါဟာ Meta ကုမ္ပဏီရဲ့သမိုင်းမှာ ပထမဆုံးအကြိမ် အစုအလိုက် အပြုံလိုက် ဝန်ထမ်းလျော့ချမှု ဖြစ်ပါတယ်။

ဝန်ထမ်းလျှော့ချမှုနဲ့ပတ်သက်ပြီး Meta ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘက်က အခုလိုဝန်ထမ်း လျော့ချရတာဟာ ကုမ္ပဏီရဲ့သမိုင်းမှာ အခက်ခဲဆုံး အပြောင်းအလဲ ဖြစ်တယ်လို့ ပြောပါတယ်။ တွစ်တာကုမ္ပဏီက ဝန်ထမ်း ထက်ဝက်လောက်ကို အလုပ်ဖြုတ်ခဲ့ပြီး တခြား နည်းပညာကုမ္ပဏီတွေမှာလည်း အလားတူ ဝန်ထမ်းလျော့ချမှုတွေ ရှိလာပြီးနောက် Meta ကုမ္ပဏီရဲ့သတင်း ထွက်လာခဲ့တာဖြစ်ပါတယ်။ “ဒါဟာ လူတိုင်းအတွက်ခက်ခဲမယ်ဆိုတာ သိပါတယ်။

အလုပ်ဖြုတ်ခံရသူတွေ အတွက်လည်း အလွန်စိတ်မကောင်းဖြစ်ရပါတယ်”လို့ မာ့ခ်ဇူကာဘာ့ဂ်က သူ့ရဲ့ ကြေညာချက်ထဲမှာ ရေးထား ပါတယ်။ ကိုဗစ်ကပ်ဘေးကာလအတွင်း လူအများစုက အွန်လိုင်း နဲ့ E-ကုန်သွယ်မှုတွေဆီ ကူးပြောင်းလာချိန်မှာ ကုမ္ပဏီဝင်ငွေမြှင့်တင်ရေးကို အခြေခံပြီး ရေရှည်မျှော်မှန်းချက်တွေနဲ့ ကုမ္ပဏီကိုအလျင်အမြန် ချဲ့ထွင်တာဟာ မှားယွင်းတဲ့လုပ်ဆောင်မှုဖြစ်ခဲ့တယ်လို့လည်း မာခ်ဇူကာဘာ့ဂ်က ဝန်ခံပြောဆိုထားပါတယ်။