Squid Game တကယ့်ပြိုင်ပွဲရှိုးမှာ ပြိုင်ပွဲဝင်တွေနဲ့အတူ ဆယ်လီတွေလည်း ပါဝင်ယှဉ်ပြိုင်မယ်

Netflix ရဲ့ Squid Game တကယ့်ပြိုင်ပွဲရှိုးမှာ အပြင်က အခြားပြိုင်ပွဲဝင်တွေနဲ့အတူ ဆယ်လီတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ Squid Game: The Challenge အမည်ရတဲ့ reality show ကို နောက်နှစ်မှာ ထုတ်လွှင့်ဖို့ မျှော်လင့်ရပါတယ်။ Squid Game ဒုတိယမြောက်စီးရီးနဲ့ တိုက်နေမယ်လို့လည်း မျှော်လင့်ရပါတယ်။

ဒီ reality show မှာ ဆယ်လီတွေ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး နာမည်ကြီးဆယ်လီတချို့က ဒီပြိုင်ပွဲအတွက် စာရင်းသွင်းပြီးသွားပါပြီ။ Celebrity Big Brother အစီအစဉ်ရဲ့ကြယ်ပွင့်ဟောင်း ပီရက်ဇ် ဟီလ်တန်လည်း ပါဝင်ဖို့ စီစဉ်ထားပါတယ်။

ပြိုင်ပွဲဝင်တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာမရဘဲ ဂိမ်းတွေကို ကြိုးစားယှဉ်ပြိုင်တာ မြင်တွေ့ရတာနဲ့တင် စိတ်လှုပ်ရှားဖို့ကောင်းနေမှာဖြစ်ပေမဲ့ အဲဒီလူတွေထဲမှာ ဆယ်လီတွေပါဝင်ယှဉ်ပြိုင်မယ့် စိတ်ကူးကို ထပ်ဖြည့်ထားတာဖြစ်တယ်။ Show အတွက် အခြားဘယ်ဆယ်လီတွေ ပါဝင်မလဲဆိုတာ ဆွေးနွေးသွားဦးမှာဖြစ်တယ်လို့ တီဗီရှိုးရဲ့အတွင်းလူက ဆိုပါတယ်။

ဒီရှိုးကလည်း Squid Game တီဗီစီးရီးလိုပဲ အောင်မြင်ဖို့ မျှော်လင့်ရပါတယ်။ အပိုင်း (၁၀) ပိုင်းကျော်မယ့် ဒီရှိုးမှာ ပြိုင်ပွဲဝင်ကစားသမား (၄၅၆) ဦးက ဆုကြေးငွေ ဒေါ်လာ ၄.၅၆ သန်းရဖို့ ကြိုးစားယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ Reality show ကို ဗြိတိန်မှာ ရိုက်ကူးဖို့ စီစဉ်ထားပြီး  ထုတ်လွှင့်မယ့်ရက်ကိုတော့ Netflix က အတည်မပြုရသေးပါဘူး။