ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ

မန္တလေး-အောက်တိုဘာ(၁၁)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်၊ အမရပူရခရိုင် ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရှိပါတီကော်မတီဝင်များအား တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားမစတင်မီ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)တွင်ပြောကြားခဲ့သော ပါတီဥက္ကဌဦးခင်ရီ၏ အမှာစကား Video file နှင့် ညီလာခံကျင်းပမှုမှတ်တမ်းဓာတ်ပုံများကို တက်ရောက်လာသူများအားပြသခဲ့ပြီး နံနက်(၉)နာရီ အချိန်တွင် အခမ်းအနားစတင်ကျင်းပခဲ့ပါသည်။

အခမ်းအနားအား နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် ပါတီဝင်များ၊ပါတီမိသားစုများ၊ဝန်းရံသူများအား သတိရအောက်မေ့သည့် အနေဖြင့် (၁)မိနစ် ငြိမ်သက်ခဲ့ပါသည်။

ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်တို့မှ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)အတွေ့အကြုံများအား ရှင်းလင်း ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်မှ လူငယ်ကဏ္ဍနှင့်အမျိုးသမီးကဏ္ဍ လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကာ တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီအဖွဲ့များမှ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး နေ့လည်(၁၁:၃၀)အချိန်တွင် အခမ်းအနားကျင်းပပြီးစီးခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ ဦးအောင်နိုင်ဦး၊ ဦးသိန်းထွန်းဦး၊ အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်၊ အမရပူရခရိုင် ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရှိမြို့နယ်များမှပါတီကော်မတီဝင်များ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။