ယူရို ၂၀၂၂ အမျိုးသမီး ဥရောပဖလား အင်္ဂလန်ဗိုလ်စွဲ
ယူရို ၂၀၂၂ အမျိုးသမီး ဥရောပဖလား ဘောလုံးပွဲမှာတော့ အင်္ဂလန်အမျိုးသမီးအသင်း ဗိုလ်စွဲပြီး ချန်ပီယံဖြစ်သွားပါတယ်။ ဒါဟာ အင်္ဂလန်အမျိုးသမီးအသင်းအတွက်တော့ ဥရောပဖလားကို ပထမဆုံးအကြိမ် ရလိုက်တာဖြစ်ပါတယ်။
ဖိုင်နယ်ကို တနင်္ဂနွေနေ့က လန်ဒန်မြို့က ဝင်ဘလေကွင်းကြီးမှာ အိမ်ရှင် အင်္ဂလန် နဲ့ ဂျာမနီတို့ ကစားကြတာမှာ အင်္ဂလန်က အချိန်ပိုမှာ ၂ ဂိုး ၁ ဂိုး နဲ့နိုင်ပြီး ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ၂ သင်းစလုံး ပထမပိုင်းမှာ ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် နောက်တန်း နဲ့ ဂိုးသမားတွေ ကာကွယ်နိုင်ခဲ့လို့ ဂိုးမရှိသရေဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်း ၆၂ မိနစ်မှာတော့ အင်္ဂလန်အလယ်တန်းက ရှေ့ကိုတင်ပေးလိုက်တာကို လူစားဝင်လာတဲ့ Ella Toone က ဂိုးသမားကို ကျော်ပြီး သွင်းခဲ့လို့ အင်္ဂလန်က ဂိုးစရပါတယ်။ ဒါပေမဲ့ ၇၈ မိနစ်မှာတော့ ဂျာမနီဘက်က Lina Magull က ဂိုးရှေ့နေ အနီးကပ်ပိတ်သွင်းလို့ ၁ ဂိုးစီ သရေဖြစ်ပါတယ်။ မိနစ် ၉၀ အထိ နောက်ထပ် ဂိုးမသွင်းနိုင်တာကြောင့် အချိန်ပိုကစားကြတာမှာ အင်္ဂလန် တိုက်စစ်မှူး Chloe Kelly က မိနစ် ၁၁၀ မှာ အင်္ဂလန်အတွက် အနိုင်ဂိုးကိုသွင်းပေးခဲ့တာပါ။
ထောင့်ကန်ဘောကနေ တဆင့် ဂိုးသမားဆီက ပြန်ထွက်လာတာကို Kelly က အနီးကပ်ပိတ်သွင်းပြီး အင်္ဂလန်အသင်းကို ချန်ပီယံဖြစ်စေခဲ့တာပါ။ အနိုင်ဂိုးသွင်းပြီးပြီးချင်းမှာတော့ Kelly ဟာ ၁၉၉၉ တုန်းက အမျိုးသမီးကမ္ဘာ့ဖလားမှာ အမေရိကန်က အနိုင်ဂိုးသွင်းခဲ့တဲ့ Brandy Chastain အောင်ပွဲခံသလိုမျိုး သူရဲ့ ဂျာစီအကျိကို ချွတ်ပြီးအောင်ပွဲခံခဲ့ပါတယ်။
ဒါဟာ အင်္ဂလန်အမျိုသမီးအသင်းအတွက် နိုင်ငံတကာပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဗိုလ်စွဲတာဖြစ်ပါတယ်။ ဒါ့အပြင် အခုလို ဗိုလ်စွဲ သွားတာကြောင့် အင်္ဂလန်အတွက်လည်း ၅၆ နှစ်အကြာမှာ နိုင်ငံတကာပြိုင်ပွဲတွေမှာ ပထမဆုံးအကြိမ် ပြန်ပြီး အနိုင်ရတာဖြစ်ပါတယ်။
ဒီမတိုင်ခင်က အင်္ဂလန်အသင်း နိုင်ငံတကာပွဲတွေမှာ ဗိုလ်စွဲဖူးတာကတော့ ၁၉၆၆ ကမ္ဘာ့ဖလားမှာဖြစ်ပြီး အဲဒီတုန်းက အင်္ဂလန်အမျိုးသား အသင်းက ဂျာမနီကို ၄ ဂိုး ၂ ဂိုး ဒီကွင်းမှာပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အခုနှစ် ဖိုင်နယ်ပွဲကိုတော့ ပရိသတ် ၈၇၀၀၀ ကျော် ဝင်ဘလေကွင်းမှာ လာရောက်အားပေးခဲ့ပြီးတော့ အင်္ဂလန် ပရိသတ်တွေကတော့ ပွဲအပြီးမှာ အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်ခင်ဗျာ။