ဟောင်ကောင်အရေး ဘေးမှထိုင်ကြည့်နေမည်မဟုတ်ဟု တရုတ်ဆို

ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ ဘေးကနေ ထိုင်ကြည့်နေမှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံက အခုလ ၁၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဟောင်ကောင် ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းခံရမှာ စိုးရိမ်တဲ့ သဘောမျိုး ပြောလိုက်ပြီးတဲ့နောက်မှာ တရုတ်က အဲဒီလို တုံ့ပြန်လိုက်တာပါ။ ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး လျူရှောင်မင်က “တရုတ်နိုင်ငံအနေနဲ့ ဘေးကနေ ထိုင်ကြည့်နေမှာမဟုတ်ဘူး။ တရုတ်အစိုးရမှာ လုံလောက်တဲ့ ဖြေရှင်းချက်တွေနဲ့ ဆန္ဒပြပွဲတွေကို ခပ်မြန်မြန် အဆုံးသတ်ဖို့ အင်အား လုံလုံလောက် လောက်ရှိတယ်”လို့ ကြာသပတေးနေ့က ပြောခဲ့ တာဖြစ်ပါတယ်။

အခုလ ၁၅ ရက်နေ့တုန်းက ဟောင်ကောင်နယ်စပ်နားက ရှင်းကျန်းမြို့ အားကစားကွင်းမှာ တရုတ် စစ်သားတွေ စုဝေးနေ ပြီး အားကစားကွင်းနားမှာလည်း သံချပ်ကာကားတွေ ရပ်ထားတဲ့ ပုံတွေ ပေါ်ထွက်ခဲ့ပါတယ်။ တရုတ် နိုင်ငံပိုင် မီဒီယာ ကတော့ ဗဟိုစစ်ကော်မရှင်က အုပ်ချုပ်တဲ့ လက်နက်ကိုင်ပြည်သူ့ရဲတပ်ဖွဲ့ဟာ ရှင်းကျန်းမြို့မှာ စုဝေးနေကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီနောက် သမ္မတထရမ့်က တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့တိုက်တွန်းလိုက်ပြီး အဲဒီလို လုပ်ရင် ၁၅ မိနစ်လောက်နဲ့ အဖြေထွက်သွားမှာပါလို့ ပြောခဲ့ပါတယ်။ လေ့လာသူတွေကတော့ စီးပွားရေးနဲ့ နိုင်ငံရေး အကျိုးဆက်တွေ ရှိနေတာကြောင့် တရုတ်အနေနဲ့ ဟောင်ကောင်ကို အင်အားသုံးမှာမဟုတ်ဘူးလို့ မျှော်မှန်းထားကြပါတယ်။ one news