FIFA ဥက္ကဋ္ဌဟောင်း Michel Platini အဂတိလိုက်စားမှုနဲ့ ပြင်သစ်မှာ ဖမ်းဆီးခံရ
ယူအီးအက်ဖ်အေဥက္ကဌဟောင်း ပလာတီနီဟာ ကာတာကို ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ရွေးချယ်မှုမှာ အကျင့်ပျက်ခြစားမှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။
ဖီဖာအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်က ပလာတီပါဝင်ပတ်သက်ခဲ့မှုတွေကို စုံစမ်းစစ်ဆေးပြီး အခုလိုဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။ အဆိုပါအဖွဲ့အစည်းကလည်း ပလာတီနီကို မေးမြန်းလိုတဲ့ ကိစ္စတွေ ရှိနေတာကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်တယ်ဆိုတာကို ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ ပလာတီနီဟာ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင် အဖြစ်ရွေးချယ်မှုမှာ အကျင့်ပျက်ခြစားခဲ့တယ်ဆိုတဲ့ စွပ်စွဲခံခဲ့ရဖူးပြီး ဖီဖာဥက္ကဌဟောင်း ဆပ်ဘလတ္တာနဲ့အတူ ၂၀၁၅ ခုနှစ်တုန်းကလည်းတစ်ကြိမ်ဖမ်းဆီးခံခဲ့ရဖူးပါတယ်။
အဆိုပါဖြစ်ရပ်မှာ ပလာတီနီက ဆပ်ဘလတ္တာဆီကနေ ပေါင် ၁.၃၅ သန်းရယူခဲ့ပြီး အကျင့်ပျက်ခြစားခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ နှစ်ယောက်စလုံး စွပ်စွဲချက်ကနေ လွတ်မြောက် သွားခဲ့ပါတယ်။ ဒါပေမယ့် ပလာတီနီဟာ ဘောလုံးလောကကနေ ၈ နှစ်ပိတ်ပင်ခံခဲ့ရပြီး ယူအီးအက်ဖ်အေဥက္ကဌ ရာထူးကိုစွန့်လွှတ်ခဲ့ရပါတယ်။ ဒီပြစ်မှုကို ပလာတီနီက အရပ်ဘက်ဆိုင်ရာ အားကစားခုံရုံးကနေ အယူခံဝင်ခဲ့တာ ကြောင့် ပြစ်ဒဏ်လျော့ပေါ့ခံခဲ့ရပြီး ပြီးခဲ့တဲ့မတ်လမှာ ပြစ်ဒဏ်လွတ်စေ့သွားခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ ပလာတီနီဟာ ၂၀၁၀ ဖီဖာကမ္ဘာ့ဖလားအိမ်ရှင်ရွေးချယ်ပွဲမတိုင်မီ တစ်လအလိုမှာ ပြင်သစ်နိုင်ငံရဲ့ Élysée နန်းတော်ကို ရောက်ရှိခဲ့ပြီး ပြင်သစ်သမ္မတဟောင်းဖြစ်တဲ့ ဆာကော်ဇီနဲ့အတူ ကာတာစော်ဘွား တာမင်ဘင် ဟာမက်အယ်လ်သနီနဲ့ တွေ့ဆုံသွားခဲ့တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ ပြင်သစ်သမ္မတ ဆာကော်ဇီက ပလာတီနီကို ဖီဖာနဲ့ ယူအီးအက်အေမှာ သြဇာနဲ့အာဏာသုံးပြီး ကာတာကို ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် မဲပေးဖို့ ပြောကြားခဲ့တယ်ဆိုတာကို ကာတာစော်ဘွား ဘင်အယ်လ်သာနီက ထုတ်ဖော် ပြောကြားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
-Ref:Skysports