အဝိုင်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ

ပဲခူး၊ ဒီဇင်ဘာ ၁၇

ပဲခူးမြို့နယ် အဝိုင်းကျေးရွာအုပ်စု အဝိုင်းကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ ကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။ အဆိုပါ ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားတွင် ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးမင်းခန့်ကျော်နှင့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များ၊ ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌနှင့် ပါတီတာဝန်ရှိသူတို့က အဝိုင်းကျေးရွာအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဆိုင်းဘုတ်အားစိုက်ထူပေးပြီး အမွှေးနံ့သာရည်များပက်ဖျန်းကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် မြို့နယ်အတွင်းရေးမှူး ဦးဆောင်သော မြို့နယ်ပါတီအလုပ်အမှု ဆောင်အဖွဲ့သည် အဝိုင်းကျေးရွာအုပ်စု အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး အတွက် ကြိုတင်ဆောင်ရွက်ရမည့်အခြေအနေများ၊ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ စစ်မှန် သော ပါတီဝင်အင်အား တိုးချဲ့ရရှိအောင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။

အဝိုင်းကျေးရွာအုပ်စုသည် ရွာသစ်ကုန်း၊ ရွှေပေါ်ကုန်း၊ ရွာမ၊ ရွှေလှေရွာမ၊ ရွှေလှေကျောင်းစု၊ အညာစုစသည့် ကျေးရွာများဖြင့် ဖွဲ့စည်းထားရှိပြီး အိမ်ထောင်စု ၇ဝဝ ကျော်နေထိုင်သော ကျေးရွာအုပ်စ ကြီးတစ်ခုဖြစ်ပြီး အဆိုပါ ကျေးရွာအုပ်စုအတွင်း နေထိုင်သူအများစုသည် တောင်သူလုပ်ငန်းဖြင့် လည်းကောင်း၊ စက်ရုံအလုပ်ရုံများတွင် လည်းကောင်း ရိုးသားစွာ လုပ်ငန်းလုပ်ကိုင်နေသူများဖြစ်သည်။

တင်စိုး(ပဲခူး)