ဖက်ဒဲရာကိုအနိုင်ယူပြီး ဇက်ဗီရက်ဗ် ATP Finals ဗိုလ်လုပွဲတက်ရောက်

ဂျာမနီနိုင်ငံသားအ လက်ဇန်းဒါးဇက်ဗီရက်ဗ်(၂၁)နှစ် သည် ဆွစ်ဇာလန်တင်းနစ် အကျော်အမော် ရော်ဂျာ ဖက်ဒဲရာကို ၇-၅၊ ၇-၆(၅)ဖြင့် အနိုင်ယူပြီး ATP Finals ပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်ကာ ဆားဘီးယား နိုင်ငံသား ကမ္ဘာ့အဆင့်(၁) ဂျိုကို ဗစ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဇက်ဗီရက်ဗ်သည် ၎င်း၏ ကစားသမားဘ၀တွင် အရေးပါသော နိုင်ပွဲတစ်ပွဲရယူနိုင်သော်လည်း နောက်ဆုံးပွဲငယ် (tiebreak)အတွင်း ပြုမူသောလုပ်ရပ်ကြောင့် ပွဲအပြီးစကားပြောစဉ်အတွင်း လှောင်ပြောင်ခံရသည်။

၁၉၉၆ က ဘောရစ်ဘက် ကာနောက်ပိုင်း ATP Finals ပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရခဲ့သည့် ပထမဆုံး ဂျာမနီနိုင်ငံသား ဇက်ဗီရက်ဗ်သည် tiebreak ကစားစဉ်အတွင်း တင်းနစ် ဘောလုံးကောက် တစ်ဦးထံမှ ပြုတ်ကျလာသော တင်းနစ်ဘောလုံးကြောင့် ပွဲမကစားဘဲရပ်တန့်ခဲ့ပြီး ယင်းအမှတ်အတွက် ပြန်ကစားခဲ့ရသည်။

‘‘အနားပေးချိန်အတွင်း ဖြစ်ပျက်ခဲ့တဲ့အခြေအနေအတွက် ကျွန်တော် တောင်းပန်ချင်ပါတယ်။ တင်းနစ်ဘောလုံး ကောက် ကလေးဆီက တင်းနစ်ဘောလုံး ပြုတ်ကျခဲ့ပြီး အမှတ်အတွက်ပြန် ကစားရမယ်ဆိုတာ စည်းမျဉ်း စည်းကမ်းတွေ ထဲမှာပါပါတယ်။ ပိုက်နားလေးမှာ ဖက်ဒဲရာကို ကျွန်တော်တောင်းပန်ခဲ့ပါတယ်။ အဲဒါက စည်းမျဉ်းစည်းကမ်းထဲမှာ ပါတဲ့အတွက် အဆင်ပြေတယ်လို့ ဖက်ဒဲရာက ပြောခဲ့ပါတယ်’’ ဟု ဇက်ဗီရက်ဗ်က ပြောသည်။

ယင်းအဖြစ်အပျက်က ၎င်း အပေါ်သက်ရောက်မှုရှိပါသလားဟု ပွဲအပြီးတွင် မေးမြန်းခံရစဉ် ‘‘စည်းမျဉ်း စည်းကမ်းတွေက ဘာပြောလဲဆိုတာ ကျွန်တော် မသိဘူး။ ဒါက ဒိုင်ရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး ကစားသမားရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးလို့ ကျွန်တော် အမြဲတမ်းတွေးထားတယ်’’ ဟု ဖြေကြားခဲ့ပြီး ဇက်ဗီရက်ဗ် အနေဖြင့် မည်သည့် အမှားမျှ မလုပ်ခဲ့ဟု ဖက်ဒဲရာက ပြောသည်။

ဂျိုကိုဗစ်က တောင်အာဖရိကမှ ကီဗင်အန်ဒါဆင်ကို ၆-၂၊ ၆-၂ ဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲ သို့ တက်ရောက်ခဲ့သည်။

—Ref:Reuters