နှစ်ပေါင်း ၃၀ ကျော်အတွင်း အမေရိကန် စစ်အင်အားကို အမီလိုက်ရန် တရုတ် မျှော်လင့်

နှစ်ပေါင်း ၃၀ ကျော်အတွင်း အမေရိကန်၏ စစ်အင်အားကို အမီလိုက်နိုင်ရန် တရုတ်သမ္မတ စီကျင်းပင်က မျှော်လင့်နေကြောင်း သိရသည်။ 

၂၀၅၀ ပြည့်နှစ်တွင် တရုတ်၏ စစ်လက်နက်အင်အားနှင့် စစ်ဖက်နည်းပညာ ကဏ္ဍသည် အမေရိကန်ကို ရင်ဘောင်တန်းနိုင်ရန် စီက မျှော်လင့်ထားသည်။ စီသည် မော်စီတုံးခေတ်နောက်ပိုင်း တရုတ်၏ ဩဇာအကြီးဆုံး နိုင်ငံခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ခံထားရပြီး နိုင်ငံစီးပွားရေးနှင့် စစ်ရေးကဏ္ဍကို စိတ်တိုင်းကျ ခြယ်လှယ် ဦးဆောင်ခွင့် ရှိနေသည့်အတွက် ထိုရည်မှန်းချက်ကို လက်တွေ့ အကောင်အထည်ဖော်လာဖွယ် ရှိနေသည်။

အမေရိကန်၏ နှစ်ပတ်လည် လွှတ်တော် အစီရင်ခံစာကို နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့ပြီး တရုတ်-အမေရိကန် စီးပွားရေးနှင့် လုံခြုံရေး ဆန်းစစ်မှု ကော်မရှင်၏ ဖော်ပြချက်၌ တရုတ်၏ စစ်အင်အား၊ လက်နက်၊ ဆိုက်ဘာနည်းပညာနှင့် အာကာသကာကွယ်ရေး စွမ်းရည်များသည် နှစ်ပိုင်းအတွင်း သိသိသာသာ တိုးတက် လာကြောင်း အတည်ပြု ဖော်ပြထားသည်။

စီ၏ လက်ထက်တွင် တရုတ်၏ စစ်အင်အားကို ဘက်ပေါင်းစုံမှ မြှင့်တင်ရန် ကြိုးစားလာခဲ့သလို တောင်တရုတ် ပင်လယ်ကို ကြီးစိုး သိမ်းယူ၍ ဒေသတွင်း ဩဇာ ဖြန့်ကျက်လိုသည့် ခြေလှမ်းမျိုးလည်း စတင်လာသည်။ 

“တရုတ်ရဲ့ စစ်အင်အားဟာ ထင်ထင်ရှားရှား တိုးတက် အားကောင်းလာတယ် ဆိုတာကို ကျွန်တော်တို့ အသိအမှတ် ပြုရပါမယ်”ဟု ကော်မရှင် ဥက္ကဋ္ဌ ရိုဘင် ကလိဗ်လန်းက မှတ်ချက်ပေးခဲ့သည်။

တရုတ်သည် ကမ္ဘာအရပ်ရပ်တွင် စစ်အင်အား ဖြန့်ကျက်ရန် အခြေခံ လိုအပ်ချက် တစ်ခုဖြစ်သည့် လေယာဉ်တင် သင်္ဘောများ တိုးမြှင့် ပိုင်ဆိုင်ရေးကို လက်တွေ့ကျကျ ကြိုးစား လုပ်ဆောင်နေသလို J-20ကဲ့သို့ နောက်ဆုံးမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်များကိုပါ ပြည်တွင်းတွင် တပ်ဆင် ထုတ်လုပ်နေပြီ ဖြစ်သည်။ 

တရုတ်သည် ယခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်ကို ဒေါ်လာ ၁၇၅ ဘီလီယံထိ အသုံးပြုခဲ့ပြီး ယမန်နှစ်ကထက် ၈.၁ ရာခိုင်နှုန်း မြှင့်တင်လာခြင်း ဖြစ်သည်။ သို့သော် တရုတ် အစိုးရ အနေဖြင့် တရားဝင် သတင်းထုတ်ပြန်သည်ထက် ငွေပမာဏ များပြားစွာ စစ်ရေးကဏ္ဍတွင် အသုံးပြုဖွယ် ရှိနေကြောင်းလည်း လေ့လာသူများက ပြောကြားထားသည်။

Ref: Vox