ဗီချိုင်းရဲ့ဈာပနအတွက် လက်စတာကစားသမားတွေ ထိုင်းကိုရောက်နေ

ရဟတ်ယာဉ်ပျက်ကျမှုမှာ သေဆုံးသွားခဲ့တဲ့ အသင်းပိုင်ရှင်ဗီချိုင်းရဲ့ဈာပနအတွက် လက်စတာအသင်း ကစားသမား တွေဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။

ဗီချိုင်းရဲ့ဈာပနအတွက် ဘန်ကောက်က ဘုန်းတောင်ကြီးကျောင်းတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ဆုတောင်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ လက်စတာကစားသမားတွေထဲမှာ တိုက်စစ်မှုးဗာဒီနဲ့ အသင်းခေါင်းဆောင် မော်ဂန်တို့လည်း ပါဝင်ခဲ့ကြပါတယ်။ ဗီချိုင်းရဲ့ဈာပနဟာ ပြီးခဲ့တဲ့စနေနေ့မှာ စတင်ခဲ့ပြီး တစ်ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။

လက်စတာကစားသမားတွေဟာ ကာဒစ်ဖ်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ဗီချိုင်းရဲ့ဈာပနအခမ်းအနား တက်ရောက်ဖို့အတွက် ထိုင်းနိုင်ငံကို ထွက်ခွာသွားခဲ့ကြပြီး လေယာဉ် ၁၂ နာရီ ကြာစီးခဲ့ရပါတယ်။ လက်စတာကစားသမားတွေဟာ ဒီတနင်္လာနေ့အထိ ထိုင်းနိုင်ငံမှာ ရှိကြမှာဖြစ်ပြီး နောက်တစ်ရက် ရောက်မှသာ စနေနေ့ကစားမယ့် ဘန်လေနဲ့ အိမ်ကွင်းပွဲအတွက် ပြင်ဆင်ဖို့ အင်္ဂလန်ကို ပြန်သွားမှာပါ။ ထိုင်းနိုင်ငံကို ရောက်ရှိနေကြသူတွေထဲမှာ နောက်ခံလူ မက်ဂွိုင်းယားနဲ့ နည်းပြပူရယ်တို့လည်း ပါဝင်ကြပေမယ့် ကစားသမား အနည်းငယ်ကတော့ အင်္ဂလန်မှာ ကျန်နေခဲ့ကြပါတယ်။

-Ref: skysports