ဗဟိုအမျိုးသမီးညီလာခံအကြို ဆားလင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပပြုလုပ်
ဆားလင်းကြီး၊ အောက်တိုဘာ (၁၈)
ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဗဟိုအမျိုးသမီးညီလာခံအကြို ဆားလင်းကြီးမြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲ အခမ်းအနားကို (၁၈-၁၀-၂၀၁၈) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနား အစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့ နေရာယူပြီးနောက် အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့သည်။
ထို့နောက် ယင်းမာပင်ခရိုင် ပါတီအတွင်းရေးမှူး ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနား ကျင်းပပြုလုပ်မည့်အစီအစဉ်များ
ကို အမှတ် (၂) ရပ်ကွက်က ပါတီဝင် ဒေါ်စိမ်းမို့မို့်က ရှင်းလင်းတင်ပြပြီး အခမ်းအနားပထမပိုင်းအစီအစဉ်များ ကျင်းပပြီးစီးခဲ့သည်။
ထို့နောက် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအလိုက် အစုအဖွဲ့ (၄) ဖွဲ့ ဖွဲ့စည်း၍ ဆွေးနွေးခဲ့ကြပြီး စာတမ်းဖတ်ကြားတင်ပြမည့် ကိုယ်စားလှယ်များ ရွေးချယ်ခြင်းကို ဒုတိယပိုင်းအစီအစဉ်တွင် ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတတိယပိုင်းတွင် သဘာပတိအဖွဲ့မှ ပြန်လည်နေရာယူပြီးနောက် နှီးနှောဖလှယ်ပွဲတွင် အစုအဖွဲ့အလိုက် မှတ်တမ်းတင် ဆွေးနွေးခဲ့ကြသော စာတမ်းများဖြစ်သည့် မြန်မာအမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍ မြှင့်တင်ရေးစာတမ်းကို ဆားလင်းကြီးမြို့နယ် မင်းတောကျးရွာမှ ပါတီဝင် ဒေါ်ကြူကြူဆွေက လည်းကောင်း၊ မြန်မာအမျိုးသမီးများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစာတမ်းကို ကျွဲခိုတောကျးရွာမှ ပါတီဝင် ဒေါ်သွယ်သဉ္ဇာဝေက လည်းကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်းရေး အမျိုးသမီးများ၏အခွင့်အရေးများကိုရိုးရာယဉ်ကျေးမှု
ဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရေးစာတမ်းကို အမှတ် (၃) ရပ်ကွက်မှ ပါတီဝင် ဒေါ်အေးအေးမော်က လည်းကောင်း၊ အမျိုးသမီးပါတီဝင်သစ်များ စုဆောင်းရေးနှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထာင်ပေးရေးစာတမ်းကို အမှတ် (၁) ရပ်ကွက်မှ ဒေါ်မြတ်မြတ်အောင်က လည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ကြသည်။
ထို့နောက် ဆားလင်းကြီးမြို့နယ်၊ အမျိုးသမီးနှီးနှောဖလှယ်ပွဲ၏ တွေ့ရှိချက်များ မှတ်တမ်းတင်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆားလင်း
ကြီးမြို့နယ် ဘုတ်စုကျေးရွာမှပါတီဝင် ဒေါစုမွန်စိုးက တင်သွင်းပြီးသဘာပတိမှ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆုံးဖြတ်ပြီးနောက် ဆားလင်းကြီးမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါကြူကြူစိန်က နိဂုံးချုပ်အမှာစကားပြော
ကြားခဲ့ကာ အခမ်းအနားအား ပြည်ခိုင်ဖြိုးဟေ့ တေးသီချင်း သံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးစောမြင့်ဦး၊၊ ဒေါ်သိင်္ဂီဝင်းရွှေ (တိုင်းအမျိုးသမီးရေးရာအဖွဲ့ဝင်)၊ ဒေါ်ယဉ်မာဝင်း(တိုင်းအမျိးသမီးရေးရာအဖွဲ့ဝင်)၊ ယင်းမာပင်ခရိုင်ပါတီအတွင်းရေးမှူး ဦးမြင့်စိုးနှင့် ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်နှင်းမာနှင့် ပါတီကော်မတီဝင်များ၊ ဆားလင်းကြီးမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါကြူကြူစိန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပါတီဝင်အမျိုးသမီးများ၊ စုစုပေါင်းအင်အား (၁၆၀) ဦးတက်ရောက်ခဲ့ကြပါသည်။