နိုင်ငံခြားငွေ ပြတ်လပ်မှုကြောင့် ဇင်ဘာဘွေတွင် ဆေးဝါးများရှားပါး

နိုင်ငံခြားငွေကြေး ပြတ်လပ်မှုကြောင့် ဇင်ဘာဘွေနိုင်ငံအတွင်း ဆေးဝါးလုပ်ငန်းမှာ ဆေးတချို့ ရှားပါးနေတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။ ကုန်ကျစရိတ် မြင့်တက်တာကို ဖြည့်တင်းဖို့နဲ့ ဆေးတွေ ပြန်သိုလှောင်နိုင်ဖို့ ဆေးကုမ္ပဏီတချို့က ဆေးဖိုးငွေကို အမေရိကန်ဒေါ်လာနဲ့ ပေးချေဖို့ တောင်းဆိုနေတာပါ။

ဒါကြောင့် နိုင်ငံအတွင်း အသက်ကယ်ဆေးတွေ လိုနေတဲ့ ပြည်သူအများအပြားဟာ ဆိုးရွားတဲ့ သက်ရောက်မှု ဒဏ်ကို ခံနေရပါတယ်။ ဇင်ဘာဘွေအစိုးရရဲ့ အားထုတ်မှုက ထိရောက်ခဲ့လို့ အာဖရိက သွင်းကုန် ထုတ်ကုန်ဘဏ်ကနေ အစောပိုင်းက ချေးငွေရခဲ့ပါတယ်။ အပြုသဘောဆောင်တဲ့ အလှည့်အပြောင်းအရ နိုင်ငံခြားငွေ ဈေးကွက် ငွေလဲနှုန်းမှာ အမေရိကန်နဲ့ ဇင်ဘာဘွေငွေဈေး ကွာဟချက် ၅၀၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအောက်ထိ ရောက်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံအတွင်း ဈေးနှုန်းတည်ငြိမ်မှု ပြန်ရပြီး ထုတ်ကုန်ရနိုင်စွမ်း ပြန်ရလာမယ်လို့ မျှော်လင့်နေကြပါတယ်။  DVB