နျူကလီးယားဖျက်သိမ်းရေး ကင်ဂျုံးအွန်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို (Twitter@SecPompeo)
ပြုံယမ်း၊ အောက်တိုဘာ ၈
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားဖျက်သိမ်းရေး လုပ်ငန်းစဉ်တွေအရေး ဆွေးနွေးဖို့ ခေါင်းဆောင် ကမ်ဂျုံးအွန်နဲ့ တွေ့ဆုံရန်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုဟာ ပြုံယမ်းကို အောက်တိုဘာ ၇ ရက်မှာ ရောက်ရှိလာပါတယ်။
တိုကျိုကနေ လေယာဉ်နဲ့ ထွက်ခွာလာတဲ့ ပွန်ပီယိုဟာ ပြုံယမ်းက ဆူနန်လေဆိပ်မှာ ဆင်းသက်တာဖြစ်တယ်လို့ တောင်ကိုရီးယားသတင်းချန်နယ် YTN က ပွန်ပီယိုတို့ ကိုယ်စားလှယ်အဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြပါတယ်။
ပွန်ပီယိုအနေနဲ့ မကြာသေးခင်က အမေရိကန်နဲ့ သင့်မြတ်ရေး လုပ်ဆောင်ချက်မှာ အဓိကပါဝင်ခဲ့တဲ့ မြောက်ကိုရီးယား ထောက်လှမ်းရေးအကြီးအကဲ ကင်ယောင်ချူးနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲတွော သမ္မတ ထရမ့်နဲ့ ကင်ဂျုံးအွန်တို့ ဇွန်လအတွင်း ပထမဆုံး တွေ့ဆုံချိန်က စပြီး အစပြုခဲ့တာဖြစ်ပေမယ့် နောက်ပိုင်း တန့်ရပ်နေခဲ့တာပါ။
နျူကလီးယားဖျက်သိမ်းဖို့ ဆန္ဒအမှန်ရှိကြောင်းကို လက်တွေ့ပြသလာဖို့ မြောက်ကိုရီးယားအစိုးရကို ပြင်းထန်တဲ့ ဖိအားတွေ ပေးသွားမယ်လို့ အိမ်ဖြူတော်က ပြောထားပြီး တစ်ဖက်မှာလည်း မြောက်ကိုရီးယားအစိုးရက အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေ မရုပ်သိမ်းမချင်း နျူကလီးယားစီမံကိန်းကို မစွန့်လွှတ်ဘူးလို့ ပြောထားပါတယ်။
ပွန်ပီယိုအနေနဲ့ အောက်တိုဘာ ၇ ရက်နှောင်းပိုင်းမှာ တောင်ကိုရီးယားသို့ ဆက်လက်ထွက်ခွာပြီး သမ္မတ မွန်ဂျေအင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ဆွေးနွေးဖို့လည်း ရှိနေပါတယ်။
—Ref: EFE_EPA