ပေါ့ဘာကို လက်ထောက် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားကြောင်း မော်ရင်ဟို အတည်ပြု
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟိုက ပေါ့ဘာကို လက်ထောက် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားလိုက်ကြောင်း အတည်ပြုခဲ့ပြီး သူနဲ့ ကွင်းလယ်ကစားသမားကြား ဘာပြဿနာမှ မရှိဘူးလို့ အခိုင်အမာပြောဆိုသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က မန်ယူအသင်းက ဝုဗ်ကို ၁-၁ ဂိုးနဲ့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ပေါ့ဘာဟာ အသင်းရဲ့ ကစားဟန်ကို ထောက်ပြဝေဖန်ခဲ့ပြီး အိမ်ကွင်းမှာ ကစားတဲ့ မန်ယူအနေနဲ့ တိုက်စစ်ဆင် ကစားသင့်တဲ့အကြာင်း ပြောကြားခဲ့ပါတယ်။
ဒီမှတ်ချက်စကားကြောင့် ပေါ့ဘာနဲ့ မော်ရင်ဟိုတို့အကြား ဆက်ဆံရေး ပိုမိုတင်းမာလာပြီး အဆိုပါပွဲစဉ်အပြီးမှာ မော်ရင်ဟိုဟာ ပေါ့ဘာနဲ့ အဝတ်လဲခန်းထဲမှာ သီးသန့်တွေ့ဆုံခဲ့ရာ အော်ဟစ်ဆူပူခဲ့သေးတယ်လို့ ဆိုပါတယ်။
“ပေါ့ဘာကို လက်ထောက်အသင်းခေါင်ဆောင် ရာထူးကနေ ဖယ်ရှားဖို့အတွက် ဆုံးဖြတ်ချက်ဟာ ကျနော် ကိုယ်တိုင် ချခဲ့တာပါ။ ဒါပေမယ့် ဘာအချင်းများမှုတွေမှ မဖြစ်ခဲ့သလို၊ ဘာပြဿနာမမှလဲ မရှိပါဘူး။ ကျနော်က မန်နေဂျာ တစ်ယောက်ဖြစ်တာမို့ ဆုံးဖြတ်ချက်တွေကို ကျနော် ချမှတ်လုပ်ဆောင်ပိုင်ခွင့်ရှိပါတယ်။
သူ့ကို လက်ထောက်အသင်းခေါင်ဆောင် ပေးအပ်တုန်းကလည်း ဆုံးဖြတ်ခဲ့တာ ကျနော်ကိုယ်တိုင်ပါ။ အခုဖယ်ရှားတာလဲ ကျနော်ပဲ။ ဒီဆုံးဖြတ်ချက်အတွက်လဲ ဘာတွေမှ ရှင်းပြစရာ မရှိပါဘူး။”လို့ နည်းပြ မော်ရင်ဟိုက Sky Sports ကို ပြောပါတယ်။
မန်ယူအသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ ကာရာဘောင်းဖလားပြိုင်ပွဲ တတိယအဆင့်အဖြစ် အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးမှာ ဒါဘီကောင်တီအသင်းကို ၂-၂ ဂိုးနဲ့ သရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာတော့ ဒါဘီအသင်းက အနိုင်ရရှိသွားခဲ့တာကြောင့် မန်ယူတို့ ဒီပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်မှာ ပေါ့ဘာဟာ အသင်းရဲ့ ကစားသမားစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပဲ ပွဲကြည့်စင်ပေါ်ကနေ အားပေးသွားတာကို တွေ့ရပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်အရ ပေါ့ဘာဟာ လက်ထောက်အသင်းခေါင်ဆောင် ရာထူးကနေ မော်ရင်ဟိုရဲ့ ဖယ်ရှားခြင်း ခံရပြီးနောက် မန်ယူအသင်းကနေ ထွက်ခွာသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
Ref; BBC, The Sun