ကမ္ဘာ့အကြီးဆုံး ရေကြောင်း စစ်ရေးလေ့ကျင့်ရန် ၂၅ နိုင်ငံမှ ရေတပ်သင်္ဘောများ ပုလဲဆိပ်ကမ်း ရောက်

ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်မှုအတွက် နိုင်ငံပေါင်း ၂၅ နိုင်ငံက ရေတပ်သင်္ဘောတွေဟာ ဟာဝိုင်ယီကျွန်းက အမေရိကန် ပူးတွဲလေတပ် ပုလဲဆိပ်ကမ်းကို ရောက်ရှိနေပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ နိုင်ငံတွေဟာ တပ်သား ၂၅,ဝဝဝ၊ ရေတပ်သင်္ဘော ၄၇ စီးနဲ့ ရေငုပ်သင်္ဘော ၅ စီး၊ လေယာဉ်အစီး ၂ဝဝ ကျော် စေလွှတ်ထားပါတယ်။

ပစိဖိတ်သမုဒ္ဒရာတလျှောက်က နိုင်ငံတွေ အဓိကပါဝင်တဲ့ PACIFIC RIM 2018 စစ်ရေးလေ့ကျင့်မှုကို ဇွန် ၂၇ ရက်ကနေ သြဂုတ် ၂ ရက်အထိ ပြုလုပ်မှာပါ။

စစ်ရေးလေ့ကျင့်မှုကို ကယ်လီဖိုးနီးယား တောင်ပိုင်းနဲ့ ဟာဝိုင်ယီကျွန်းစုတွေမှာ ပြုလုပ်မှာပါ။

အခုစစ်ရေးလေ့ကျင့်မှုဟာ ပါဝင်တဲ့နိုင်ငံတွေအကြား ပင်လယ်ရေကြောင်း ဘေးကင်းရေးနဲ့ ကမ္ဘာ့သမုဒ္ဒရာကြီးတွေ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း ဖြစ်စေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အခုနှစ် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ တရုတ်နိုင်ငံကို အစောပိုင်းက ဖိတ်ကြားခဲ့ပေမယ့် တောင်တရုတ် ပင်လယ်ထဲက လူလုပ်ကျွန်းတွေပေါ်မှာ စစ်စခန်း ဆောက်လုပ်မှုတွေကြောင့် ဖိတ်ကြားချက်ကို ပြန်ရုပ်သိမ်းခဲ့ တယ်လို့ ပင်တဂွန် စစ်ဌာနချုပ် အရာရှိတွေက ပြောပါတယ်။

DVB