ဂင်းနစ်စံချိန်တစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ မန်စီးတီးဂိုးသမား အီဒါဆန်
မန်ချက်စတာစီးတီးအသင်းရဲ့ ဂိုးသမား အီဒါဆန်ဟာ အသင်းနဲ့အတူ လိဂ်ဖလား နဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ရယူခဲ့အပြီးမှာတော့ ဂင်းနစ်စံချိန်ဝင် မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးလ်ဂိုးသမား အီဒါဆန်ဟာ ဘင်ဖီကာအသင်းမှ ပြောင်းရွှေ့လာပြီး သူ့ရဲ့ မန်စီးတီးကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ ဆုဖလား (၂)လုံးကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ တိုက်စစ်ပြန်လည်စတင်မှုမှာ အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ဂွာဒီယိုလာရဲ့ ရှုမြင်ခြင်းကို ခံခဲ့ရတဲ့ အီဒါဆန်ဟာ ဘောလုံးကန်တင်ပေးပို့မှုမှာ အဝေးဆုံး အကွာအဝေးကို ရောက်ရှိခဲ့တာ ဖြစ်ပြီးတော့ တိုင်းတာချက်များအရ ၇၅.၃၅ မီတာအထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီအကွာအဝေးဟာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ကို ဖြစ်ခဲ့ပြီးတော့ အီဒန်ဆန်ဟာလည်း ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။
အသက် (၂၄)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်ဂိုးသမားဟာ ဂင်းနစ်အဖွဲ့ရဲ့ အသိအမှတ်ပြု အထောက်အထား ပုံကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့ပြီးတော့ ဂုဏ်ယူနေခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုနဲ့ လွဲချော်ခဲ့ရတဲ့ အီဒါဆန်အတွက်တော့ စိတ်ဖြေသိမ့်စရာ ဖြစ်ခဲ့ရပြီး မှတ်တမ်းဝင်စံချိန်တစ်ခုကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်ဘောလုံးရာသီမှာ အီဒါဆန်ဟာ မန်စီးတီးအတွက် (၁၆)ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ရွှေလက်အိတ်ဆုကို မျှော်လင့်နိုင်ခဲ့ပေမယ့် မြို့ခံပြိုင်ဘက် မန်ယူအသင်းရဲ့ ဂိုးသမား ဒီဂီယာက ရွှေလက်အိတ်ဆုကို ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။ အီဒါဆန် အနေနဲ့ မန်စီးတီးအသင်းရဲ့ စံချိန်တင်မှတ်တမ်း အများအပြားနဲ့ ဗိုလ်စွဲခဲ့တဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ အသင်းရဲ့ အဓိကကစားသမား အဖြစ် ပါဝင်ခွင့် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
Source: Goal.com