စပိန်တင်းနစ်ကစားသမား ရာဖေးလ်နာဒယ် ကမ္ဘာ့အဆင့် (၁) နေရာ ပြန်လည်သိမ်းပိုက်

ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒဲရာအနေဖြင့် မီယာမီ၌ အမေရိကန်နိုင်ငံသား ဂျွန်အစ္စနာကို ရှုံးနိမ့်ပြီး တစ်ရက်အကြာ စပိန်တင်းနစ် အကျော်အမော် ရာဖေးလ်နာဒယ်သည် ဧပြီ ၂ ရက်က ထုတ်ပြန်သော အမျိုးသား ပရော်ဖက်ရှင်နယ် တင်းနစ်အဖွဲ့အစည်း (ATP) ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာ ပြန်လည် သိမ်းပိုက်ခဲ့သည်။
ဇန်နဝါရီက သြစတြေးလျအိုးပင်း ကွာတားဖိုင်နယ်ပွဲစဉ်မှ ဒဏ်ရာကြောင့် ထွက်ခွာခဲ့ရပြီး နောက်ပိုင်း တင်းနစ် မကစားခဲ့သူနာဒယ်သည် ဖေဖော်ဝါရီ ၁၈ ရက်က ရော်ဂျာဖက်ဒဲရာအား ကမ္ဘာ့အဆင့်(၁)နေရာ လွှဲပြောင်းခဲ့ရသည်။

သို့သော် ဖက်ဒဲရာသည် ဧပြီ ၁ ရက်က မာစတာ ၁,၀၀၀ ပြိုင်ပွဲ ၌ အစ္စနာကို ဒုတိယအဆင့်တွင် ရှုံးနိမ့်ပြီးနောက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်၌ ပြိုင်ဘက်နာဒယ်ထက် ၁၀ မှတ်လျော့နည်းပြီး ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည်။

ယင်းအနိုင်ရလဒ်ကြောင့် အစ္စနာသည် ယခင်အဆင့်သတ်မှတ်ချက်ထက် အဆင့်ရှစ်ဆင့် ခုန်တက်ကာ အဆင့် (၉) နေရာသို့ တက်လှမ်းနိုင်သဖြင့် ၂၀၁၂ ဧပြီ က ၎င်းရရှိခဲ့သော အကောင်းဆုံး အဆင့်သတ်မှတ်ချက်ကို ပြန်လည်ရရှိခဲ့သည်။

ခရိုအေးရှားမှ မာရင်းစီလစ် က အဆင့် (၃) နေရာတွင်ရှိနေပြီး ဂျာမနီမှ အလက်ဇန်းဒါးဇာ ဗီယက်ဗ်က အဆင့် (၄) နေရာ၌ ရှိနေသည်။ ဆားဘီးယားမှ နာမည်ကြီး ဂျိုကိုဗစ်သည် အဆင့် (၁၃)တွင် ရှိနေပြီး ဗြိတိန်မှ အန်ဒီမာရေးသည် ထိပ်ဆုံးအဆင့် (၂၀) စာရင်းပင် မဝင်ခဲ့ပေ။

တောင်ကိုရီးယားမှ အသက် (၂၁) နှစ်အရွယ် ဟေယွန်ချောင် သည် မီယာမီ၌ ကွာတားဖိုင်နယ် အဆင့် ရောက်ရှိခြင်းကြောင့် ၎င်း၏ ကစားသမားဘဝအမြင့်ဆုံးအဖြစ် ထိပ်ဆုံးအဆင့် (၂၀) စာရင်းတွင် ပါဝင်ခဲ့ပြီး အဆင့် (၁၉) ၌ ရပ်တည်နိုင်ခဲ့သည်။

ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် နာဒယ်က ၈ ဒသမ ၇၇၀ မှတ် ရရှိပြီး ဖက်ဒဲရာက ၈ ဒသမ ၆၇၀ မှတ် ရရှိခဲ့သည်။ 

—Ref:AFP