မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အသစ်များ ၀င်ရောက်ရန် အဆိုပြု

 

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ပါတီဝင် အသစ် ၃၀၀ နီးပါး အဆိုပြုလွှာများပေးအပ်ခဲ့ကြသည်။

မကွေးမြို့နယ်၊ ဆူးပြစ်စမ်းအုပ်စု ရွှေကျော်ကျေးရွာနှင့် မြို့သစ်မြို့နယ် မြတ်လေးကုန်းအုပ်စု၊ ရွှေညောင်ပင်ကျေးရွာတို့မှာ ပါတီဝင်ခွင့်ရှိသူများ ကျေးရွာလုံးကျွတ်နီးပါးဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ပါတီဝင်အသစ်များကိုယ်စား တစ်ဦးမှ ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်ရန် ဆုံးဖြတ်ခဲ့ရခြင်းအပေါ် ပြောကြားခဲ့ရာမှာ –

– – – – ကျနော်တို့ စိုက်ပျိုးရတဲ့အချိန်မှာ ကုန်ကျစရိတ်တွေက ပိုများလာတယ်၊ ကုန်ဈေးနှုန်းတွေကခဲ တက်နေတယ်၊ ကိုယ့်ယာမြေက ထွက်လာလို့ သီးနှံတွေရောင်းရမယ့်အချိန်ကျတော့ ဈေးကမရဘူး၊ ဘယ်လိုမှ တွက်ချေမိကိုက်တော့ဘူး အရှုံးတွေနဲ့ပဲ ရင်ဆိုင်နေရတယ် ။ အရင် မကြုံဖူးတာတွေ ကြုံနေရတယ် ဒါတွေက ကျွမ်းကျင်တဲ့သူတွေ လုပ်တတ်တဲ့ လူတွေလုပ်မှရတာ ကျနော်တို့ကတော့ ကြံ့ခိုင်ရေးပါတီကိုပဲ ယုံကြည်လို့ ၀င်ဖြစ်သွားတာပဲ၊ ဒီလောက်ပါပဲ – – – –

– – – – ကျနော်တို့ ငယ်ငယ်ကတည်းက တခြားရွာသွားကျောင်းတက်ခဲ့ရတာ ဘယ်သူမှလဲ လာမကြည့်ပါဘူး ကျောင်းလဲမရှိပါဘူး ကြံ့ခိုင်ရေးကပဲ လာကြည့်တယ် ကျောင်းဖွင့်နိုင်အောင် လုပ်ပေးတယ် ကျောင်းဆောင်ဆောက်ဖို့ အစိုးရဆီက တောင်းပေးနိုင်ခဲ့ တာ အခုဆို ကလေးတွေအကုန်လုံး ကိုယ့်ရွာမှာကို ကျောင်းတက်လို့ရနေပြီ အစကတော့ ဟုတ်မှ ဟုတ်ပမလားထင်ထားခဲ့တာလေ အခုတကယ်ဖြစ်မှန်းသေချာသိတော့မှ ယုံတာ အဲဒါ ကြောင့် ဒီပါတီနဲ့ပဲ လက်တွဲမယ်လို့ ဆုံးဖြတ်ဖြစ်တာပေါ့ဗျာ – – – –

လို့ အသီးသီး ပြောကြားသွားခဲ့ပါတယ်။

ပါတီဝင်များ အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲများသို့ ပါတီဗဟိုအတွင်းရေးမှူး မကွေးတိုင်း စည်းရုံးရေးရာတာဝန်ခံ ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး တို့က ပါတီဝင်သစ်များအား နွေးထွေးပျူငှာစွာ ကြိုဆိုနှုတ်ခွန်းဆက် ခဲ့ကြပြီး၊ဗဟိုကော်မတီဝင် မကွေးတိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ ခရိုင်ပါတီဥက္ကဌနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

ကျေးရွာဒေသခံများကလည်း ဒိုးပတ်ဝိုင်းများ ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး အောင်မြင်စွာဆောင်ရွက်ခဲ့ကြသည်။ မကွေးတိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များ တွင်လည်း ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်ရန် ကမ်းလှမ်းမှုများ ရရှိထားပြီးဖြစ်ကြောင်းနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။