စပါးသည် အလွန်ခက်ခဲသော ပြိုင်ဘက်ဖြစ်ဟု မော်ရင်ဟိုပြောကြား

လတ်တလောတွင် မန်ယူသည် နောက်ဆုံးငါးပွဲဆက် နိုင်ပွဲရမှုနှင့်အတူ အာဆင်နယ်မှ ချီလီလက်ရွေးစင် တိုက်စစ်မှူး ဆန်းချက်ဇ်ကို ခေါ်ယူနိုင်ခဲ့သဖြင့် ပရိသတ်များ ပျော်ရွှင်နေကြသည်။

မန်ယူသည် ယခုနှစ်ရာသီတွင် အခက်ခဲဆုံးပွဲများအနက် တစ်ပွဲဖြစ်သည့် စပါးနှင့်ပွဲကို ယနေ့ည၌ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ယင်းပွဲတွင် မန်ယူအတွက် ပရီးမီးယားလိဂ်ပွဲ စတင်ကစားမည့် ဆန်းချက်ဇ်အပေါ် အာရုံစိုက် ကြမည်ဖြစ်သည်။ ဆန်းချက်ဇ်သည် အက်ဖ်အေဖလား စတုတ္ထအဆင့်အဖြစ် ရီယိုဗီးလ်တောင်းနှင့် ကစားခဲ့သော ပွဲတွင် မန်ယူ၌ စတင်ပွဲထွက်ခဲ့ပြီး နှစ်ဂိုး ဖန်တီးပေးနိုင်ကာ အကောင်းဆုံး ဘောလုံးသမားဆုရခဲ့သည်။

‘‘ငါးပွဲဆက် အနိုင်ရတာက ပျော်စရာပါ’’ဟု ဆန်းချက်ဇ်နှင့် မာရှယ်ကို မည်သည့်နေရာတွင် ပွဲထုတ်မည်လဲ ဆုံးဖြတ်ရမည့် မန်ယူနည်းပြ မော်ရင်ဟိုက ပြောသည်။

‘‘တကယ့်ခေါင်းခဲစရာဆိုတာက ကိုယ့်မှာ ကစားသမားကောင်းတွေ မရှိတဲ့အခါ၊ ဒဏ်ရာရ ကစားသမားတွေ များတဲ့အခါ၊ ဒုက္ခရောက်တဲ့အခါကျမှ ဖြစ်တာပါ။ အသင်းမှာရှိတဲ့ ကစားသမားတိုင်းနီးပါး ကစားနိုင်တဲ့အခါ၊ အရည်အသွေးမြင့်တဲ့အခါ ဒါတွေက ကောင်းတဲ့ပြဿနာတွေ ဖြစ်ပါတယ်’’ဟု မော်ရင်ဟိုက ပြောသည်။

မော်ရင်ဟို တကယ်ခေါင်းစားရမည့် ပြဿနာသည် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ရပ်တန့်ရေး ခံစစ်ကို မည်သို့ခင်းကျင်း မည်လဲဆိုခြင်းဖြစ်သည်။ ဟယ်ရီကိန်းသည် ယခုနှစ်ရာသီတွင် စပါး၌ ပြိုင်ပွဲစုံ ၃၀ ဂိုး သွင်းယူထားပြီး ဥရောပဂိုး သွင်းဘုရင်စာရင်းတွင် ၂၁ ဂိုးဖြင့် ပီအက်စ်ဂျီမှ ကာဗာနီ နှင့်အတူ ဦးဆောင်နေသည်။

စပါးသည် ကစားသမားကောင်းအချို့ ပိုင်ဆိုင်ထားပြီး နည်းပြကောင်းတစ်ဦးက ကြီးကြပ်နေကြောင်းနှင့် အလွန်ခက်ခဲသော ပြိုင်ဘက်တစ်ဦးဖြစ်ကြောင်း မော်ရင်ဟိုက ထပ်လောင်းပြောသည်။

ဒုတိယနေရာရှိ မန်ယူနှင့် ရှစ်မှတ်ကွာဟနေသော အဆင့် (၅)မှ စပါးသည် ကွင်းလယ်ကို အားဖြည့်ရန် တင်ပါး ဒဏ်ရာရနေ သော ခရစ်စတီယန် အီရစ်ဆင် ပွဲထွက်ပါဝင်နိုင်မည်ဟု မျှော်လင့်နေသည်။

-Ref; Sky sports