စီရိုနယ်လ်ဒို၏ လစာနှုန်းထားသစ်တောင်းဆိုမှုကို ရီးယဲလ်ပယ်ချ
တိုက်စစ်မှူး စီရိုနယ်လ်ဒို၏ လစာနှုန်းထားအသစ်ဖြင့် စာချုပ်သစ်ချုပ်ဆိုရန် တောင်းဆိုမှုကို ရီးယဲလ်မက်ဒရစ် အသင်းဘက်မှ ပယ်ချခဲ့ပြီးနောက် စူပါစတား တိုက်စစ်မှူးနှင့် ရီးယဲလ်အသင်းတို့ အနာဂတ်မှာ ပိုမိုဝေဝါးလာခဲ့ပြီ ဖြစ်သည်။ အသက်( ၃၂)နှစ်အရွယ် တိုက်စစ်မှူးက တစ်နှစ်လုပ်ခ ပေါင် ၃၅ သန်း (ယူရို သန်း ၄ဝ)တိုးမြှင့် ရလိုကြောင်း တောင်းဆိုထားသည်ဟု မန်တိုဒီပို့ဒီဗိုက ဖော်ပြခဲ့ပြီး ယခုလို နောက်ဆက်တွဲ သတင်းတစ်ရပ် ထပ်မံထွက်ပေါ်လာ ခြင်းဖြစ်သည်။
စီရိုနယ်လ်ဒိုသည် တစ်နှစ်လုပ်ခလစာ ပေါင် ၁၈ ဒသမ ၅ သန်းသာ ရရှိသည့် ၂ဝ၂၁ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ စီရိုနယ်လ်ဒိုနှင့် ရီးယဲလ်တို့ ချုပ်ဆိုခဲ့စဉ်က လစာနှုန်းထားမှာ မြင့်မားသည်ဟု ဆိုနိုင်သော်လည်း ယခုအခါ နေမာ (တစ်နှစ်လုပ်ခ ပေါင် ၃၁ ဒသမ ၇ သန်း)နှင့် မက်ဆီ(၄ဝ ဒသမ ၅ သန်း)တို့နှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းသည်ဟု ဆိုနိုင်သည်။
ထိုအခြေအနေမျိုးတွင် စီရိုနယ်လ်ဒို၏ တောင်းဆိုမှုကို ရီးယဲလ်ဘက်က ပယ်ချလိုက်ရာ စီရိုနယ်လ်ဒိုနှင့် ရီးယဲလ်တို့ကြား အနာဂတ်မှာ တစ်စတစ်စ မှေးမှိန်လာပြီဟု ကောက်ချက်ဆွဲနိုင်မည်ဖြစ်သည်။
ရီးယဲလ်ကလည်း ဂိုးသွင်းနှုန်းသိသိသာသာ ကျဆင်းလာသည့် စီရိုနယ်လ်ဒိုနေရာတွင် နေမာကို အစားထိုးရန် ချိတ်ဆက်နေပြီး စီရိုနယ်လ်ဒို အနေဖြင့် ပီအက်စ်ဂျီရောက်မည်၊ မန်ယူရောက်မည် ဆိုသည့် မှန်းဆမှုများမှာ မီဒီယာစာမျက်နှာပေါ် နေ့စဉ်နေ့တိုင်း နေရာယူနေသည်ကို တွေ့ရသည်။ ကမ္ဘာပေါ်တွင် လုပ်ခလစာ ဒုတိယအများဆုံးရ တီဗက်ဇ်မှာ ရှန်ဟိုင်းရှန်ဟွာမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
The Mirror Daily