NCA လက်မှတ်ထိုးရေး ဆက်လက်ညှိနှိုင်းရန် အစိုးရနှင့် UNFC လာမည့်အပတ်တွင် တွေ့ဆုံမည်

 အစိုးရနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့၏ ကိုယ်စားလှယ် အဖွဲ့များ သည် အောက်တိုဘာ ၂၃ ရက်တွင် ရန်ကုန်မြို့၌တွေ့ဆုံ၍ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ် ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်းရန် သဘောတူခဲ့ကြောင်း UNFC ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (DPN) တို့၏ (၆)ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲကို ဩဂုတ်လက ပြုလုပ်ပြီးနောက် နှစ်လကျော်အ ကြာတွင် (၇)ကြိမ်မြောက် ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီခဲ့သည်။

‘‘အစိုးရက အဆိုပြုတယ်။ ကျွန်တော်တို့လည်းအဆင်ပြေလို့ အကြောင်းပြန်လိုက်ပြီ’’ဟု နိုင်အောင်မငေးက ရန်ကုန်မြို့၌ နှစ်ရက် ကြာပြုလုပ်မည့် တရားဝင်ဆွေးနွေးပွဲနှင့်ပတ်သက်၍ အောက်တိုဘာ ၁၈ ရက်တွင် ပြောသည်။ ‘‘ကျွန်တော်တို့က NCA ထိုးဖို့ ကြိုးစားနေတော့ တတ်နိုင်သမျှ စည်းရုံးနေတာထိုးနိုင်ဖို့’’ဟု ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးကလာမည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့၏ (၇)ကြိမ်မြောက် ဆွေးနွေးပွဲ၌ ပြေလည်မှုရရှိရေး ကြိုးစားမည့် အခြေအနေကို ပြောပြ သည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့၏ လာမည့် ခုနစ်ကြိမ် မြောက် ဆွေးနွေးပွဲတွင် NCA လက်မှတ်ရေးထိုး နိုင်ရေး UNFC က အဆိုပြုထားသည့် အချက်အားလုံး အပြီးသတ် ဆွေးနွေးနိုင်မည်ဟု ယုံကြည်မျှော်လင့် ကြောင်း ၎င်းကဆိုသည်။ ‘‘ဒါပေမဲ့ လက်တွေ့ဆွေးနွေးမှပဲ သိရမှာပေါ့’’ဟု နိုင်အောင်မငေးက ပြောသည်။ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့၏ (၆)ကြိမ်မြောက် ဆွေးနွေးပွဲတွင် UNFC က အစိုးရထံ အဆိုပြုထားသည့် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အချက်ရှစ်ချက်အနက် လေးချက်ကို အပြီးသတ် ဆွေးနွေးပြီးဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် သဘောတူညီနိုင်သည့် အချက်လေးချက်သည် တစ်နိုင်ငံလုံးအပစ်ရပ် စဲရေး ကြေညာရန် ကိစ္စ၊ ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်ရန် ကိစ္စ၊ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်၌ ပါဝင်မည့် အစုအဖွဲ့များကိစ္စ၊ ၂၁ ရာစု ပင်လုံညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရန် ကိစ္စတို့ဖြစ် သည်။

နှစ်ဖက်သဘောတူရန် ကျန်နေသည့်အချက်များတွင် တပ်ပိုင်းဆိုင်ရာ၌ အပစ်ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေး ယန္တရား ပိုမိုခိုင်မာအောင် လုပ်ဆောင်သည့်အပိုင်းတို့ ဖြစ်သည်။ အပစ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ယန္တရား တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်များ ပါဝင်ခွင့်ရရှိရေး UNFC ဘက်က တောင်းဆိုထားသည်။

လာမည့် ရန်ကုန်ဆွေးနွေးပွဲ သို့ DPN အဖွဲ့ခေါင်းဆောင် ခူဦး ရယ် အပါအဝင် အဖွဲ့ဝင်များ တက်ရောက်မည် ဖြစ်သည်။ ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းသည် ကျန်းမာရေး အခြေအနေအရ တက်ရောက်နိုင်ခြင်း ရှိ၊ မရှိ မသေချာသေးပေ။ ဒေါက်တာ တင်မျိုးဝင်းသည် ကော်မရှင်နှင့် DPN တို့၏ ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲပြီးဆုံးသည့် (ဩဂုတ် ၁၁ ရက်)တွင် နှလုံးရောဂါကြောင့် ဆေးကုသမှုခံယူခဲ့ရာ လက်ရှိအချိန်ထိ အနားယူ နေဆဲဖြစ်သည်။ ဒေါက်တာတင်မျိုးဝင်းအနေဖြင့် ကျန်းမာရေး ပြန်လည်ကောင်းမွန်နေပြီဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးအောင်စိုးက အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားသည်။