အဓိက ကစားသမားတွေ ပြန်လည်ပါဝင်လာခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်း

လာမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားဖို့ရှိတဲ့ မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမ ကစားသမား ၂၅ ယောက်နဲ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ ပဏာမ စာရင်းမှာတော့ အဓိက ကစားသမား အစုံအလင်ပါဝင်လာခဲ့သလို ၀ါရင့်ကစားသမား အနည်းစုလည်း ပြန်လည်ပါဝင် လာခဲ့ပါတယ်။

ကာဂျစ်အသင်းနဲ့ အဝေးကွင်းသွားရောက်ကစားခဲ့တဲ့ အာရှဖလားခြေစစ်ပွဲစဉ်မှာ မပါဝင်ခဲ့တဲ့ မောင်မောင်လွင်၊ စည်သူအောင်တို့ ပြန်လည်ပါဝင်လာခဲ့သလို၊၂၀၁၆ ဆူဇူကီးဖလားအပြီး အသင်းနဲ့ ဝေးကွာနေခဲ့တဲ့ ကောင်းဆက်နိုင်လည်း ပြန်လည်အရွေးချယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် မျက်နှာသစ်ကစားသမားအဖြစ် ယခုနှစ် မြန်မာနေရှင်နယ်လိဂ်တွင် ရှမ်းယူနိုက်တက်အသင်းနဲ့အတူ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေတဲ့ တိုက်စစ်မှူး ဒွေးကိုကိုချစ်လည်း ပါဝင်လာခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့မှာ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ကာဂျစ်အသင်းနဲ့ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး ပွဲကြိုခြေစမ်းပွဲအဖြစ် လာမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာ ထိုင်းလက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲ ကစားမှာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့မှာ နောက်ဆုံးတွေ့ဆုံမှုအဖြစ် ၂၀၁၆ ခုနှစ် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံခဲ့ပြီး ထိုင်းအသင်းက နှစ်ကျော့ပေါင်းရလဒ် ၆-၀ နဲ့ အနိုင်ရရှိထားပါတယ်။ ယခုခြေစမ်းပွဲအတွက်လည်း ထိုင်းလက်ရွေးစင်အသင်းအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အသင်းမှ ကစားသမားအများစုနဲ့ ဆက်လက်ဖွဲ့စည်းထားပြီး ဂျေလိဂ်မှာ ကစားနေတဲ့ ကွင်းလယ်ကစားသမား ချနသစ် အပါအ၀င် အဓိက ကစားသမားအများစု ပြန်လည်ပါဝင်လာပါတယ်။ မြန်မာအသင်းနဲ့ ထိုင်းအသင်း တို့မှာ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း အတွင်း ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ထိုင်းအသင်းနဲ့ ကစားမယ့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း

ဂိုး-သီဟစည်သူ၊ကျော်ဇင်ထက်၊ဆန်းဆက်နိုင်

နောက်တန်း ဒေးဗစ်ထန်၊ ဇော်မင်းထွန်း၊ သီဟထက်အောင်၊ ၀င်းမင်းထွဋ်၊ ဟိန်းသီဟဇော်၊ ထိုက်ထိုက်အောင်၊ ကျော်ဇင်လွင်၊ သိန်းသန်းဝင်း

အလယ်တန်း ရန်အောင်ကျော်၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ ကောင်းဆက်နိုင်၊ သက်နိုင်၊ တင်ဝင်းအောင်၊ မင်းမင်းသူ၊ ဇင်မင်းထွန်း၊ လှိုင်းဘိုဘို၊စည်သူအောင်

ရှေ့တန်း– ကျော်ကိုကို၊သန်းပိုင်၊အောင်သူ၊ဒွေးကိုကိုချစ်