ရန်ကုန်မီးပွိုင့်များ၌ စီစီတီဗီစောင့်ကြည့်မှု စတင်နေပြီဟု နယ်လုံဝန်ကြီးပြောကြား

ရန်ကုန်မြို့ရှိ မီးပွိုင့်များတွင် အသစ်တပ်ဆင်ထားသည့် စီစီတီဗီကင်မရာများမှတစ်ဆင့် လုံခြုံရေးနှင့် ယာဉ် စည်းကမ်းချိုးဖောက်မှုများကို မေလ ၁၅ ရက်ကစ၍ စောင့်ကြည့်နေပြီဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။

ရန်ကုန်မြို့တွင် တပ်ဆင်အသုံးပြုမည့် မီးပွိုင့်များ၊ နောက်ဖေးလမ်းကြားများနှင့် အခြားသောနေရာများတွင် လုံခြုံရေးတပ်ဆင်ထားသော စီစီတီဗီကင်မရာများ အရည်အသွေးနှင့် အချက်အလက် သိမ်းဆည်းထားသိုပုံ မည်ကဲ့သို့ရှိသည်နှင့် ပတ်သက်၍ မေလ ၁၅ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ရန်ကုန်မြို့တွင်း မီးပွိုင့် ၁၅၄ ခုတွင် စီစီတီဗီကင်မရာ တပ်ဆင်ခြင်း လုပ်ငန်းကို ၂၀၁၆ ဖေဖော်ဝါရီ၌ စတင်ခဲ့၍ ယခုနှစ် မေလ ၁၅ ရက်၌ စီစီတီဗီကင်မရာများ လည်ပတ်နိုင်ခဲ့ ခြင်းဖြစ်သည်။

စီစီတီဗီကင်မရာ တပ်ဆင်ခြင်းကို မီးပွိုင့် ၁၅၄ ခုအနက်  ၁၄၀ တွင် ၂၈၈ လုံး တပ်ဆင်ထား၍ အဆိုပါ စီမံချက် အတွက် ကုန်ကျစရိတ်သည် ကျပ် ၁၈ ဒသမ ၉၃ ဘီလီယံဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်အောင်ထွန်းက ဆိုသည်။

‘‘စီစီတီဗီတွေက စပြီးလည် နေပြီဖြစ်တာကြောင့် ကျွန်တော်တို့ဝန်ထမ်းတွေကလည်း စောင့်ကြည့်မှတ်တမ်းယူ နေပါပြီ’’ ဟု ၎င်းက ပြောသည်။

အဆိုပါစီစီတီဗီမှတ်တမ်းများကို ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ရှိ ထိန်းချုပ်ရေးစင်တာကနေ၍ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်ခြောက်ဦး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၂ ဦးနှင့် တာဝန်ကျဝန်ထမ်းများက ထိန်းသိမ်းစောင့်ကြည့်နေမည်ဖြစ်သည်။ ထပ်မံကျန်ရှိသည့် မီးပွိုင့် ၁၄ ခုတွင် ဆက်လက်တပ်ဆင်မည်ဖြစ်ပြီး ယာဉ်မရပ်ရဟု သတ်မှတ်ထားသောနေရာ ၃၀၊ စစ်ဆေးရေးဂိတ်နေရာ ၂၀၊ ယာဉ်ကြောကျပ်တည်းမှု စောင့် ကြည့်နေရာ ၃၀ တို့၌ စီစီတီဗီကင်မရာ အလုံးရေ ၆၀ တပ်ဆင်မည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဆိုသည်။

လက်ရှိ မီးပွိုင့်များ၌ တပ်ဆင်ထားသော စီစီတီဗီကင်မရာများသည် ရုပ်ထွက်အရည်အသွေးကောင်းမွန်၍ မှတ်တမ်းသိုလှောင်ထားနိုင်မှု ခြောက်လရှိကြောင်း ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြန်လည်ရှင်းလင်းသည်။

# 7 Day