မြန်မာအမျိုးသားလေကြောင်း ရန်ကုန်-မန္တလေး-ဟောင်ကောင် ခရီးစဉ် ပြေးဆွဲမည်
မြန်မာအမျိုးသားလေကြောင်း (MNA) ၏ ရန်ကုန်-မန္တလေး- ဟောင်ကောင် ခရီးစဉ်အသစ်ကို ဇွန်လ ၄ ရက်နေ့ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းထံမှ သိရသည်။
အဆိုပါခရီးစဉ်သစ်ကို အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ပြေးဆွဲမည်ဖြစ်ကြောင်း၊ မြန်မာအမျိုးသား လေကြောင်းလိုင်းအနေနှင့် ပြည်တွင်းခရီးစဉ်များ ပြေးဆွဲပေးနေရာ ပြည်ပခရီးစဉ်သစ်များကိုပါ ပြေးဆွဲပေးခြင်း ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ခရီးစဉ်သစ်ပြေးဆွဲမှုကို UB 8027 လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၅၀ မိနစ်တွင် ထွက်ခွာပြီး မန္တလေးမြို့သို့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်ကြောင်း၊ မန္တလေးမြို့ မှ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြန်လည် ထွက်ခွာမည်ဖြစ်ပြီး ဟောင်ကောင်သို့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်မည်ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။
ဟောင်ကောင်မှ ပြန်လည်ထွက်ခွာမည့် လေယာဉ်အနေနှင့် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးမြို့သို့ မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကာ မန္တလေးမြို့မှ ညနေ ၅ နာရီ ၅၅ မိနစ်တွင် ပြန်လည် ထွက်ခွာလာပြီးနောက် ရန်ကုန်သို့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၅၅ မိနစ်တွင် ဆိုက်ရောက်မည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ခရီးစဉ်အတွက် လက်မှတ်များကို Call Center ဝ၁၃၇၈၆၀၃ ၊ ဝ၁၃၇၇၈၄၀ စသည်တို့တွင် ကြိုတင် လက်မှတ်ဝယ်ယူကာ လေဆိပ်ရောက် ငွေချေစနစ်ဖြင့် ဝန်ဆောင်မှု ရယူနိုင်မည် ဖြစ်ကာ ရန်ကုန် -မန္တလေး – ဟောင်ကောင် ခရီးစဉ် အသွားအပြန် လက်မှတ်ဈေးနှုန်း အနေနှင့် အမေရိကန်ဒေါ်လာ ၃၅၉ ဖြင့် ဝယ်ယူနိုင်ပြီး ခရီးစဉ် တစ်ခြမ်းအတွက်သာ ဝယ်ယူပါက အမေရိကန် ဒေါ်လာ ၂၀၇ မှ ၃၈၇ အထိ ကြိုက်နှစ်သက်ရာ ဝယ်ယူနိုင်သည်။ # The Voice