၎င်းတို့၏ စစ်သားနှစ်ဦးကို ပါကစ္စတန် သတ်ဖြတ်ခဲ့ဟု အိန္ဒိယစွပ်စွဲ

ပါကစ္စတန်က မိမိတို့၏ စစ်သားနှစ်ဦးကို သတ်ဖြတ်ပြီး အလောင်းများကိုပါ ဆိုးဆိုးရွားရွား ဖျက်ဆီးပစ် ခဲ့ကြောင်း အိန္ဒိယကစွပ်စွဲ ပြောကြားလိုက်သည်။ နှစ်နိုင်ငံ ပိုင်နက်အငြင်းပွားနေရာ နယ်ခြားဒေသ ကက်ရှ် မီးယားတွင် အိန္ဒိယစစ်သည်နှစ်ဦး သတ်ဖြတ်ခံရခြင်းဟု အိန္ဒိယစစ်တပ်က ကြေညာသည်။ မေ ၁ ရက်က ထုတ်ပြန်ချက်တွင် အဆိုပါစစ်သားများကို ပါကစ္စတန် တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဟုလည်း ဖော်ပြထားသည်။


နယ်ခြားတွင် ကင်းလှည့်နေစဉ် အိန္ဒိယစစ်သည်နှစ်ဦး သတ်ဖြတ်ခံရကြောင်း၊ ၎င်းတို့၏ အလောင်းများကိုပါ ခုတ်ထစ်ဖြတ်တောက်သွားကြောင်း၊ အဆိုပါလုပ်ရပ်မှာ အလွန်ကြမ်းတမ်းပြီး လူမဆန်ကြောင်း အိန္ဒိယက ဆိုသည်။ ပါကစ္စတန်ကမူ ထိုစွပ်စွဲချက်ကို အခိုင်အမာ ငြင်းဆိုထားသည်။
မိမိတို့စစ်တပ်သည် အလွန် ပရော်ဖက်ရှင်နယ် ပီသကြောင်း၊ ခံယူချက် မတူညီသည့်တိုင် အခြားတပ်ဖွဲ့ဝင် များကို လေးစားမှု ကင်းမဲ့စွာ ပြုမူမည်မဟုတ်ကြောင်း ပါကစ္စတန်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး အာရူန်ဂျိုက်တလီက စစ်ဖြစ်နေလျှင်ပင် ယခုလောက် လူမဆန်သည့် အပြုအမူမျိုး ပြုလုပ်ရန် မည်သူမျှ စိတ်ကူးမိမည် မဟုတ်ဟု ဝေဖန်ခဲ့သည်။
အိန္ဒိယ ရုပ်မြင်သံကြား တစ်ခုနှင့် အင်တာဗျူးတွင် ဝန်ကြီးက “တစ်နိုင်ငံလုံးက အိန္ဒိယ စစ်တပ်အပေါ် ယုံကြည်မှု ရှိပါတယ်။ စစ်တပ်ကလည်း ထိုက်သင့်တဲ့ တုံ့ပြန်မှုမျိုး လုပ်ဆောင်ပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။
ကက်ရှ်မီးယားကို အိန္ဒိယရော၊ ပါကစ္စတန်ကပါ ၎င်းတို့၏ ပိုင်နက်အဖြစ် အပြိုင်အဆိုင် အရေးဆိုနေသည်မှာ နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ထိုနှစ်နိုင်ငံသည် ကက်ရှ်မီးယားကို အကြောင်းပြုပြီး စစ်ပွဲနှစ်ကြိမ် ဖြစ်ခဲ့ဖူးသည်။
ကက်ရှ်မီးယားတွင် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အုပ်စုအချို့လည်း လှုပ်ရှားနေပြီး အဆိုပါ အဖွဲ့ အစည်းများကို ပါကစ္စတန်က ထောက်ခံကူညီနေကြောင်းလည်း အိန္ဒိယဘက်က စွပ်စွဲထားသည်။
ပြီးခဲ့သည့်လဆန်းပိုင်းက အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယား နယ်မြေများတွင် ကြားဖြတ် ရွေးကောက်ပွဲ ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများဖြစ်ပွားရာမှာ လူ ၈ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် မဲရုံများကို ဆန္ဒပြသူများက အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးခဲ့ရာ အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့များက အင်အားသုံး နှိမ်နင်းပစ်ခတ်ခဲ့ကြောင်း သိရသည်။ Ref: BBC