ဟင်္သာတခရိုင် ပါတီမျက်နှာစုံညီစည်းဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ (၆) ရက် နံနက်ပိုင်းတွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုပါတီကော်မတီဝင် ဦးခင်မောင်ရီက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဦးဝင်းကိုကို၊ ဦးလှခိုင်၊ ဦးသန်းထွန်းနှင့် ဦးကျော်ဝင်းနိုင်တို့က ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနား ပထမပိုင်းတွင် သဘာပတိကြီးက အဖွင့်အမှာ စကားပြောကြားခြင်း၊ ဧရာဝတီ တိုင်းဒေသကြီး ပါတီကော်မတီ အတွင်းရေးမှူး ဦးအောင်တင်မြင့် က အမှာစကား ပြောကြားခြင်း၊ ခရိုင်ပါတီကော်မတီ လုပ်ငန်းဆောင် ရွက်ချက်အစီရင်ခံစာကို ခရိုင်ပါတီမှ ဒေါက်တာသိန်းစိုးက ဖတ်ကြားတင်ပြခြင်း၊ ခရိုင်ပါတီ၏အစုအဖွဲ့စာတမ်းကို ခရိုင်ပါတီ ကော်မတီဝင် ဒေါ်တင်မြင့်ကဖတ်ကြားခြင်း၊ ခရိုင်ပါတီ ကော်မတီဝင်ဟောင်းများ နုတ်ထွက် ခြင်း၊ အသစ်လျာထားသည့် ခရိုင်ပါတီကော်မတီဝင် လောင်းအမည်စာရင်းကြေညာခြင်း၊ ရွေးချယ်ပွဲနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များအားသဘာပတိက ရှင်းလင်း တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနား ပထမပိုင်းတွင် ဟင်္သာတမြို့မှ မြို့မိမြို့ဖများ၊ ဟင်္သာတခရိုင် ခြောက်မြို့နယ်မှ ကိုယ်စားလှယ်များ နှင့် အရွေးချယ်ခံ ပါတီကော်မတီဝင်လောင်းများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားဒုတိယ ပိုင်းတွင် မဲစနစ်ဖြင့် ရွေးချယ်ကာ ခရိုင်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့်ကော်မတီဝင်များ ကိုရွေးချယ်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရပ်နားခဲ့သည်။

နေဝင်းဇော်(မြန်အောင်)


Leave a Reply