ရေဘေးသင့် အနောက်ဗာဂျီးနီးယားတွင် အိုဘားမား အရေးပေါ်အခြေအနေ ကြေညာ

_90097899_033720073

ရေကြီးရေလျှံမှုများကြောင့် အနည်းဆုံး လူ ၂၄ ဦးမျှ သေဆုံးခဲ့သည့်နောက် အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက အနောက်ဗာဂျီးနီးယား ပြည်နယ်တွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အစိုးရ၏ အရေးပေါ် ကြေညာချက် စတင်အသက်ဝင်လာသည်နှင့် ပြည်ထောင်စု အစိုးရက ပိုင်ဆိုင်သော ထောက်ပံ့ရေး ပစ္စည်းများကို အခြေအနေ အဆိုးဆုံး ဒေသများသို့ ပို့ဆောင်ရေး လုပ်ငန်းစဉ်များ ချက်ချင်း ဆောင်ရွက်မည်ဟု အိမ်ဖြူတော်က ကြေညာသည်။ အနောက်ဗာဂျီးနီးယားတွင် မိုးများ သည်းထန်စွာ ဆက်တိုက် ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ရေလွှမ်းမိုးမှုများအတွင်း ကားများပါ မြောပါကုန်သလို လူပေါင်းရာနှင့်ချီ ပိတ်မိနေဆဲ ဖြစ်သည်။

ဇွန် ၂၅ ရက်တွင် ပြည်နယ်အတွင်း၌ လူပေါင်း ၂၁၀၀၀ ကျော်မှာ လျှပ်စစ်မီး မရဘဲ ရှိနေခဲ့ကြောင်း အနောက် ဗာဂျီးနီးယား လုံခြုံရေးဌာန၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး ဌာနများက ပြောကြားခဲ့သည်။ ရေကြီးမှုများကြောင့် အိမ်ခြေ ရာနှင့်ချီ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး လမ်းပေါင်း ၆၀ ကျော် ရေလွှမ်းပြီး အသုံးမပြုနိုင်ဘဲ ရှိနေဆဲ ဖြစ်သည်။

အနောက်ဗာဂျီးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး အားလ်ရေးတွမ်ဘလင်းက ပြည်ထောင်စု အမျိုးသား လုံခြုံရေး တပ်ဖွဲ့ဝင် ၄၀၀ ခန့်ကို ရေဘေးသင့်မှု အဆိုးဆုံး ဒေသများ၌ အမြန်ဆုံး ဖြန့်ကျက်ထားနိုင်ရန် မျှော်လင့်ကြောင်း ဆိုသည်။ ၎င်းတို့သည် ဒေသတွင်း အာဏာပိုင် အဖွဲ့အစည်းများကို ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်း စဉ်များ၌ အကူအညီ ပေးမည် ဖြစ်သည်။

ရေဘေးကြောင့် သေဆုံးသူများအနက် မိခင်ဖြစ်သူ၊ အစ်မဖြစ်သူတို့နှင့်အတူ လမ်းလျှောက်နေရင်း မြောပါသွားသည့် ၈ နှစ်အရွယ် ကလေးငယ် တစ်ဦးလည်း ပါဝင်သည်။ ၎င်းကို ကယ်ဆယ်ရေးများက ချက်ချင်း လိုက်လံရှာဖွေခဲ့သော်လည်း သုံးနာရီ အကြာတွင်မှ ရုပ်အလောင်းကို ပြန်လည်ဆယ်ယူ ရရှိခဲ့ကြောင်းလည်း သိရသည်။

-Ref: CNN


Leave a Reply