ဗင်နီဇွဲလား မှာ အရေးပေါ် အမိန့်ထုတ်ပြန်
ဗင်နီဇွဲလား မှ ဆန္ဒပြသူများ
ဗင်နီဇွဲလားနိုင်ငံ မှာ စီးပွားရေး အကျပ်အတည်း ကြောင့် ပြည်သူ အများ ဆန္ဒပြကြတဲ့ အတွက် သမ္မတ နီကိုလက်စ် မက်ဒူရို က ရက် ခြောက်ဆယ် ကြာမြင့် တဲ့ အရေးပေါ် အမိန့် ကြေညာ လိုက်ပါတယ်။ ဒီ အရေးပေါ် အမိန့် ဒီကရီ ကြောင့် လည်း သမ္မတ မက်ဒူရို အနေနဲ့ လုပ်ပိုင်ခွင့် အာဏာတွေ ပိုရရှိသွားပြီး စစ်တပ် နဲ့ ရဲ အဖွဲ့ ကို လုပ်ပိုင်ခွင့် တွေ ပိုမို အပ်နှင်း လိုက်သလို ဖြစ်စေ တယ် လို့ အတိုက်အခံတွေ နဲ့ ဆန္ဒပြသူတွေ က ဆိုပါတယ်။
ရဲတွေ က ဆိုရင် ဆန္ဒပြသူတွေ ကို မျက်ရည်ယို ဗုံးတွေ နဲ့ ပစ်ခတ် လူစုခွဲ ပါတယ်။ ဆန္ဒပြသူတွေ ဘက်ကလည်း ရဲတွေ ကို ခဲလုံးတွေ ပုလင်း ခွံ တွေ နဲ့ ပြန်လှန် ပစ်ပေါက် ကြပါတယ်။ အခုဆိုရင် မြို့ အတော်များများ မှာ ချီတက် ဆန္ဒပြနေကြတဲ့ အတွက် သမ္မတ ကို ကန့်ကွက်ကြတဲ့ အရှိန်အဟုန် ဟာ တပတ် အတွင်း မှာ သုံးကြိမ်ရှိသွားပါပြီ။ စီးပွားရေး ကျပ်တည်း လာရခြင်းကလည်း ရေနံ ဈေးနှုန်းတွေ ကျဆင်း လို့ ဖြစ်ပါတယ်။
ဆန္ဒပြသူ တဦး ကလည်း သူပါဝင် ရခြင်း ကို ရှင်းပြ ရာမှာ ကာရကက်စ် မြို့ခံတွေ ဟာ အစားအစာ၊ ဆေးဝါး တွေ လိုချင်လို့ တောင်းဆို ဆန္ဒပြ တဲ့ အကြောင်း၊ လုံခြုံရေး တပ်ဖွဲ့တွေ ကို ဆန့်ကျင် တိုက်ခိုက်ချင် လို့ မဟုတ်ပဲ အခြေခံ ဥပဒေပါ ရပိုင်ခွင့် အရ ငြိမ်းချမ်းစွာ ဆန္ဒပြတာပါ လို့ ဆိုပါတယ်။
ဆန္ဒပြ လူစု ကိုလည်း ကာရကက်စ် မြို့တော်ရှိ အမျိုးသား ရွေးကောက်ပွဲ ကောင်စီ ဌာနချုပ် အထိ ချီတက်ဖို့ အတိုက်အခံ ဘက်က နှိုးဆော်နေပါတယ်။ သမ္မတ ကို ဖြုတ်ချဖို့ ပြည်သူ ၂ သန်း ခန့် က လက်မှတ်ရေးထိုးပြီး ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပပေးဖို့ တောင်းဆိုတာကို လည်း သမ္မတ မက်ဒူရို က ပယ်ချလိုက်ပါတယ်။
BBC Burmese