ထိုင်းတောင်ပိုင်းမှာ လူ ၅ ဦး အသတ်ခံရ

(AFP)

ခွဲထွက်ရေး လှုပ်ရှားမှုတွေရှိနေတဲ့ မွတ်စလင်အများစုနေထိုင်ရာ ထိုင်းနိုင်ငံတောင်ပိုင်း ယာလခရိုင်မှာ လူ ၅ ဦး ဒီနေ့မှာ သတ်ဖြတ်ခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားပါတယ်။ အိမ်ရှင် အပါအဝင် အသတ်ခံရသူ ၅ ဦးဟာ ဆွေးနွေးပွဲလုပ်နေစဉ် ညဖက် ၁ နာရီခန့်မှာ အသတ်ခံရတာဖြစ်ပြီး တောင်ပိုင်းမွတ်စလင်သူပုန် လှုပ်ရှားမှုနဲ့ သက်ဆိုင်ခြင်း ရှိ မရှိ စုံစမ်းနေတယ်လို့ နယ်မြေခံ ရဲအရာရှိက ပြောပါတယ်။

မြောက်ကိုရီးယားနှင့် ထိပ်သီးအစည်းအဝေးအကြို ထရမ့်နှင့် လီရှန်လွန်း တွေ့ဆုံ

စင်ကာပူ သမ္မတအိမ်တော်ရာနှင့် ရုံးချုပ်ဖြစ်သော Istana တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့ စတင်တွေ့ဆုံမှုအဖြစ် ဇွန် ၁၁ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် သတင်းဓာတ်ပုံသမားများ ရှေ့မှောက် နှစ်ဦးအား နွေးထွေးပျူငှာစွာဖြင့် လက်ဆွဲနှုတ်ဆက် တွေ့ဆုံကြသည်။

မဲပြန်လည်ရေတွက်မှု မတိုင်မီ အီရတ်ရှိ ဆန္ဒမဲလက်မှတ် သိုလှောင်ရုံကြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား

မေလက ကျင်းပပြီးစီးခဲ့သော အီရတ် ပါလီမန်ရွေးကောက်ပွဲများအတွင်း မဲမသမာမှုများ ရှိခဲ့သည်ဆိုသည့် စွဲချက်များကြောင့် မဲရလဒ်များကို ပြန်လည်ရေတွက်ရရန် ရှိနေစဉ် ယမန်နေ့က နိုင်ငံတွင် အကြီးဆုံးသော ဆန္ဒမဲလက်မှတ် သိုလှောင်ရုံကြီးတစ်ခု၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မြို့တော် ဘဂ္ဂဒက်၏ အရှေ့ပိုင်းရှိ အယ်လ် ရက်ဆာဖာ ခရိုင်ရှိ အဆိုပါ မဲလက်မှတ် သိုလှောင်ရုံတွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

ထိပ်သီးအစည်းအဝေးအတွက် ထရမ့်နှင့် ကင်ဂျုံးအွန် ရောက်ရှိနေရာ စင်ကာပူတွင် လုံခြုံရေးတင်းကြပ်

စင်ကာပူ၊ ဇွန် ၁၁

စင်ကာပူနိုင်ငံသို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့က ထိပ်သီးအစည်းအဝေးအတွက် ဇွန် ၁၀ ရက်၌ ရောက်ရှိရာ လုံခြုံရေးတင်းကြပ်စွာ ချထားသည်။

ဇွန် ၁၂ ရက်တွင် ထရမ့်နှင့် ကင်ဂျုံးအွန်တို့၏ ထိပ်သီးအစည်းအဝေး၌ မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်သိုက်အရေးက ထိပ်တန်းဦးစားပေး ဆွေးနွေးမည်ဖြစ်ကာ ငြိမ်းချမ်းရေးအတွက် တစ်ချက်တည်းဖြင့် ဖော်ဆောင်မှုအဖြစ် ထရမ့်က ယင်းအစည်းအဝေးကို ပြောဆိုထားသည်။

ရုရှားနဲ့ယူကရိန်း အစိုးရတို့ အကျဉ်းသားချင်းလဲလှယ်ရန် ဆွေးနွေး

မော်စကို ဇွန် ၁ဝ

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုတို့သည် နှစ်ဖက် စလုံးမှ ထိန်းသိမ်းထားသည့် သူများကို လဲလှယ်နိုင်ရန် စနေနေ့က တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာများ၊ နှစ်ဖက်စလုံးမှ ထိန်းသိမ်းထားသူများ လဲလှယ်ရေးကိစ္စများ အပါအဝင် အခြားသောကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထရမ့် ပထမဆုံးတက်ရောက်မည့် ကနေဒါ ဂျီ ၇ အစည်းအဝေးကို လူရာနှင့်ချီကာ ဆန္ဒပြ

ကွီးဘတ်၊ ဇွန် ၈

ကနေဒါနိုင်ငံတွင် ဇွန် ၈ ရက်၌ ကျင်းပမည်ဖြစ်သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပထမဆုံးအဖြစ် တက်ရောက်မည့် ဂျီ ၇ အစည်းအဝေးကို ကွီးဘတ်မြို့က လမ်းများတွင် လူရာနှင့်ချီကာ ဇွန် ၇ ရက် ညပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်။

ဖိလစ်ပိုင်၌ အမေရိကန် ဒေါ်လာ ၄ ဒသမ ၈၅၈ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် တောင်ကိုရီးယား

ဖိလစ်ပိုင်နှင့် တောင်ကိုရီးယား အစိုးရတို့သည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၅၈ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ၂၃ ခုကို လက်မှတ်ထိုးလိုက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင် ကုန်သွယ်ရေး ဝန်ကြီး ရေမွန်လိုပက်က ပြောသည်။

အဆိုပါ သဘောတူညီချက်များသည် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေ၏ သုံးရက်ကြာ တောင်ကိုရီးယား ခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ အဆိုပါ ရင်းနှီးမြှုပ်နှံမှုကြောင့် ဖိလစ်ပိုင် နိုင်ငံ၌ အလုပ်အကိုင်ပေါင်း ၅၈ဝဝဝ ခန့်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

Online ပေါ်ကနေ ငွေလိမ်လည်မှု လူ ၅ဝဝ ကျော်ကို ဖမ်း

ဖိလစ်ပိုင်ရဲတပ်ဖွဲ့က အင်တာနက် Online ပေါ်ကနေ ငွေလိမ်လည်မှုများ ကျူးလွန်မှုနဲ့ လန်ဒန်အခြေစိုက် ကုမ္ပဏီတစ်ခုက ဝန်ထမ်း စုစုပေါင်း ၅ဝဝ ကျော်ကို ဖမ်းဆီးလိုက်ပါတယ်။

အဲဒီထဲမှာ အစ္စရေးနိုင်ငံသား ၈ ဦးနဲ့ ဖိလစ်ပိုင်နိုင်ငံသား ဝန်ထမ်း ၄၇၄ ဦးပါဝင်ပါတယ်။ ဒီကုမ္ပဏီဟာ ရင်းနှီး မြုပ်နှံမှုနဲ့ပတ်သက်ပြီး သြစတြေးလျနဲ့ တောင်အာဖရိကနိုင်ငံတို့မှာ နေထိုင်သူတွေ အပါအဝင် နိုင်ငံရပ်ခြားမှာ နေထိုင်သူတွေကို လိမ်လည်ခဲ့တာဖြစ်တယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

ဟာဝိုင်အီမီးတောင် ချော်ရည်ပူများကြောင့် လူနေအိမ် ရာနှင့်ချီ ထပ်မံပျက်စီး

ပါဟိုအာမြို့အရှေ့ဘက် ကာပိုဟိုဒေသတွင် ချော်ရည်များက နေအိမ်များကို ဖျက်ဆီးနေစဉ် (Terray Sylvester/REUTERS)

 

ကီလာအူအာမီးတောင်မှ ချော်ရည်များ လူနေထိုင်ရာဒေသများကို ဖြတ်သန်းစီးဆင်းလာပြီး ကာပိုဟိုပင်လယ် ကွေ့သို့ ရောက်ရှိသွားစဉ် ယခု သီတင်းပတ်အတွင်း လူနေအိမ် ရာပေါင်းများစွာ ထပ်မံပျက်စီးခဲ့သည်ဟု ဟာဝိုင်အီပြည်နယ်ဒေသဆိုင်ရာ အရပ်ဘက်ကာ ကွယ်ရေး အရာရှိများက ခန့်မှန်းသည်။

အိန္ဒိယတွင် လောင်စာဆီဈေး ကြီးမြင့်၍ ရာပေါင်းများစွာ ဆန္ဒပြ

ကိုလ်ကတ္တား၊ ဇွန် ၇

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့တွင် လောင်စာဆီဈေး မြင့်တက်ခြင်းကြောင့် ဇွန် ၆ ရက်တွင် ရာပေါင်းများစွာက ဆန္ဒပြကြသည်။

အရှေ့ပိုင်းမြို့ ကိုလ်ကတ္တားမြို့လယ်အနှံ့ ချီတက်ဆန္ဒပြကြစဉ် Trinamool Congress ပါတီအား ထောက်ခံသူ ဆန္ဒပြသူများက ဟင်းချက်ဂတ်စ်ဆလင်ဒါပုံစံတူများကို သယ်ဆောင်လာကြကာ ၀န်ကြီးချုပ် နာရိန္ဒြာမိုဒီအား ဆန့်ကျင်သော ဆောင်ပုဒ်များကို ဟစ်ကြွေးကြကြောင်း အီးပီအေသတင်းက ဖော်ပြသည်။