
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းကတော့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေရာအလိုက် တစ်နှစ်တာအကောင်းဆုံးအသင်းအတွက် ယူအီးအက်ဖ်အေ၀က်ဆိုဒ်မှာ ပရိသတ်ပေါင်း ၁.၈ သန်းအထိ မဲပေးမှုပြုလုပ်ခဲ့ကြပါတယ်။ ၄-၃-၃ ကစားကွက်နဲ့ ဒီတစ်နှစ်အကောင်းဆုံး အသင်းမှာ ဂိုးသမားနေရာအတွက် ဘာစီလိုနာရဲ့ တာစတီဂျန်ရွေးချယ်ခံခဲ့ရပြီး နောက်တန်းမှာတော့ ရီးရဲလ်ကစားသမားတွေ လွှမ်းမိုးခဲ့ကာ ရာမို့စ်၊မာဆယ်လိုနဲ့ ဗာရာနီတို့ ပါဝင်ခဲ့ကြပြီး ရီးရဲလ်ကစားသမား မဟုတ်တာဆိုလို့ လီဗာပူးရဲ့ဗန်ဒစ်ဂ်ျ တစ်ယောက်သာ ရှိပါတယ်။ ကွင်းလယ်မှာတော့ လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရှင် မိုဒရစ်နဲ့အတူ ချဲလ်ဆီးအသင်းသားတွေဖြစ်ကြတဲ့ ဟာဇတ်နဲ့ ကန်တီတို့ ပါဝင်ခဲ့ကြပါတယ်။ တိုက်စစ်မှာ ထုံးစံအတိုင်း စီရော်နယ်ဒိုနဲ့ မက်ဆီတို့အပြင် လူငယ်ကြယ်ပွင့်အမ်ဘက်ပီလည်း ပါဝင်လာပါတယ်။









