အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ်ဂျိုင်ရှန်ကာဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗရော့ဗ်နဲ့ ရုရှားမြို့တော် မော်စကိုမှာ နိုဝင်ဘာ ၈ ရက်က တွေ့ဆုံခဲ့ပြီး အလားအလာရှိတဲ့ စွမ်းအင်ဆိုင်ရာ စီမံကိန်းတွေကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံအတွက် အကျိုးရှိလို့ ရုရှားရေနံကို အိန္ဒိယက ဆက်ဝယ်သွားမယ်လို့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဂျိုင်ရှန်ကာက ပြောပါတယ်။
လေယာဉ်မှူးများ ဆန္ဒဖော်ထုတ်၍ လေကြောင်းခရီးများရပ်ဆိုင်း
ကင်ညာနိုင်ငံလေဆိပ်မှာ လေယာဉ်မှူးတွေ ၃ ရက်ကြာ ဆန္ဒဖော်ထုတ်ခဲ့တဲ့အတွက် လေကြောင်းခရီးအတော် များများ ရပ်ဆိုင်းသွားခဲ့ရပါတယ်။ အဲဒီအတွက် လေဆိပ်မှာ ခရီးသည်အများအပြား သောင်တင်နေခဲ့ရပါတယ်။ ခရီးသည်တွေဟာ သူတို့ရဲ့ ခရီးစဉ်တွေအတွက် တခြားလေကြောင်းခရီးစဉ်တွေကို ပြောင်းလဲစီးနင်းဖို့ ဖိအားပေး ခံခဲ့ရပါတယ်။
ပူပြင်းရာသီဥတုကြောင့်၂၀၂၂ ခုနှစ်တွင် ဥရောပ၌ အနည်းဆုံး လူ ၁၅၀၀၀ သေဆုံးထားသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ထုတ်ပြန်
၂၀၂၂ ခုနှစ်၏ လက်ရှိအချိန်ထိ ပူသောရာသီဥတုကြောင့် ဥရောပတွင် အနည်းဆုံးလူ ၁၅၀၀၀ သေဆုံးခဲ့သည်ဟု နိုဝင်ဘာ ၇ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်လိုက်ပြီး အဆိုးရွားဆုံးထိခိုက်သော နိုင်ငံများထဲတွင် စပိန်နှင့် ဂျာမနီတို့ပါဝင်သည်ဟု ဆိုသည်။
မှတ်တမ်းများ စတင်ယူခဲ့ပြီးကတည်းက ဇွန်လမှ သြဂုတ်လအထိ သုံးလသည် ဥရောပတွင် အပူဆုံးလများဖြစ်ပြီး ထူးထူးခြားခြား အပူချိန်မြင့်တက်ခြင်းများက အလယ်ခေတ်နောက်ပိုင်း ဥရောပတိုက်ကြုံတွေ့ရသည့် အဆိုးရွားဆုံး မိုးခေါင်းမှုကို ဦးတည်စေခဲ့သည်ဟု ဆိုသည်။
ရုရှားနှင့် လက်နက်အရောင်းအဝယ်မရှိဟု မြောက်ကိုရီးယား ငြင်းဆို
ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားက ရုရှားအား အမြောက်ကျည်များပေးပို့နေသည်ဆိုသော အမေရိကန်၏ ပြောကြားချက်မှာ အခြေအမြစ်မရှိကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့က ၎င်းတို့၏ အကြီးမားဆုံးလေကြောင်းစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ ပြီးနောက် မြောက်ကိုရီးယားက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုအပါအဝင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း လက်နက်စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်ကာ တုံ့ပြန်ခဲ့ပြီးနောက်တွင် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှု မြင့်တက်နေစဉ် ယခုပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ရုရှားအစိုးရနဲ့ အဆက်အသွယ်ရှိနေဆဲဖြစ်ကြောင်း အမေရိကန်အတည်ပြု
ယူကရိန်းစစ်ပွဲဖြစ်ပေါ်နေသော်လည်း မော်စကိုနဲ့ ဝါရှင်တန်ကြား ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ထားကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်က အတည်ပြုပြောကြားပါတယ်။
ကရင်မလင်နဲ့ အဆက်အသွယ် ဆက်လက်ထားရှိတာက အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် ဖြစ်ကြောင်း မစ္စတာ ဆူလီဗန်က နယူးယောက်မြို့မှာ ပြောကြားပါတယ်။ ဒါပေမယ့် သူတို့ ဆက်ဆံနေတဲ့သူတွေနဲ့ ပတ်သက်လို့ အမေရိကန်အရာရှိတွေက ရှင်းလင်းစွာ သိရှိထားတယ်လို့ သူက ဆက်ပြောပါတယ်။
အမေရိကန်ရဲ့နျူကလီးယားလက်နက် အများဆုံးသိမ်းဆည်းရာစခန်းမှာ လင်းပိုင်တွေက လုံခြုံရေးယူထား
ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် အများဆုံး သိမ်းဆည်းထားရာနေရာတစ်ခုဖြစ်တဲ့ ကစ်ဆက်ရေတပ် အခြေစိုက်စခန်းကို လင်းပိုင်တွေက လုံခြုံရေးတာဝန်ယူပေးထားတာပါ။ ဆီယက်တယ်မြို့ကနေ မိုင် ၂၀ အကွာမှာရှိတဲ့ ကစ်ဆက်ရေတပ်အခြေစိုက်စခန်းမှာ အမေရိကန်စစ်တပ်ရဲ့ နျူကလီးယားလက်နက် ၄ ပုံ၊ ၁ ပုံနီးပါး သိမ်းဆည်းထားပါတယ်။
တစ်ရက်တည်း သစ်ပင် ၂၃၀၀၀ ကျော် စိုက်ပြီး ဂင်းနက်စ်စံချိန်တင်
၂၃ နှစ်အရွယ် ကနေဒါနိုင်ငံသား အန်တိုနီမော့ဆက်ဟာ ၂၄ နာရီအတွင်း သစ်ပင် ၂၃၀၆၀ စိုက်ပျိုးပြီး ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ ကူဘတ်ပြည်နယ်သား မော့ဆက်ဟာ ၃.၅ စက္ကန့်မှာ သစ်ပင်တစ်ပင်နှုန်း၊ တစ်မိနစ်ကို သစ်ပင် ၁၆ ပင်နှုန်း စိုက်ပျိုးခဲ့တာပါ။ မာရသွန်ပြိုင်ပွဲ အများအပြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အပျော်တမ်း အပြေးသမား မော့ဆက်က သစ်ပင်စိုက်တာကို အားကစားနည်းတစ်ရပ်လို သဘောထားတယ်လို့ ဆိုပါတယ်။
မလေးရှားတွင် ရွေးကောက်ပွဲမူဝါဒကြေညာစာတမ်း ထုတ်ပြန်
မလေးရှားအတိုက်အခံခေါင်းဆောင်နဲ့ ပက်ကာတန် ဟာရာပန် မဟာမိတ်အဖွဲ့ရဲ့ ကိုယ်စားလှယ်လောင်း မစ္စတာ အန်ဝါအီဘရာဟင်မ်က စီးပွားရေးတိုးတက်မှု နဲ့ ကောင်းမွန်းတဲ့ အစိုးရတစ်ရပ်ဖော်ဆောင်ရေးကို အဓိကထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ မူဝါဒတစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၈ ခုနှစ် ရွေးကောက်ပွဲကလို အခုလာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း ဆက်လက်အနိုင်ရရှိဖို့ အန်ဝါက မျှော်မှန်းထားတာပါ။ မစ္စတာအန်ဝါဟာ “ငါတို့လုပ်နိုင်တယ်”ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ ကတိပြုထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ကြဉ်းနိုင်ဖို့အတွက် သူရဲ့ မဟာမိတ် အင်အားစုကို မဲပေးကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။
မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများကြောင့် ဂျပန်တွင် အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ရ
မြောက်ကိုရီးယားသည် နိုဝင်ဘာလ ၃ ရက် ကြာသပတေးနေ့တွင် ပဲ့ထိန်းဒုံးကျည် အများအပြားကို ထပ်မံပစ်လွှတ်ခဲ့ပြီး ထိုဒုံးကျည်များထဲမှ တစ်စင်းကြောင့် ဂျပန်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ ဒေသခံများအား အကာအကွယ်ယူရန် အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။
ကနဦးတွင် ဂျပန်အစိုးရက ဒုံးကျည်တစ်စင်း ဂျပန်ကို ဖြတ်ကျော်သွားသည်ဟု သတိပေးခဲ့သော်လည်း ထိုထုတ်ပြန်ချက်မှာ မှားယွင်းကြောင်း ပြန်လည် ပြောကြားခဲ့သည်။
မြောက်ကိုရီးယား နျူကလီးယားလုပ်ငန်းတွေ ကူညီမှုနဲ့ စင်္ကာပူနိုင်ငံသားကို ကန် ဆုငွေထုတ်
နျူကလီယား အစီအစဉ်တွေ မလုပ်နိုင်အောင် အရေးယူ ဒဏ်ခတ်တာခံနေရတဲ့ မြောက်ကိုရီးယားကို ဒီအစီစဉ်တွေ လုပ်နိုင်အောင်ဝန်ဆောင်မှု ပေးခဲ့တဲ့ စင်္ကာပူနိုင်ငံသား Kwek Kee Seng နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သတင်းပေးနိုင်ရင် ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၅ သန်း ချီးမြှင့်မှာဖြစ်ကြောင်း အမေရိကန်အစိုးရက ကြာသပတေးနေ့မှာ ကြေညာပါတယ်။