ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှီနာဝပ်ထရာကို ပြည်ပသို့ ထွက်ပြေးခွင့်ပေးရန် လျှို့ဝှက် ညှိနှိုင်း သဘောတူခဲ့သည်ဆိုသော စွဲချက်များကို ထိုင်းအစိုးရက ငြင်းဆိုလိုက်သည်။
ထိုင်း၏ လက်ရှိ အာဏာသိမ်း စစ်အစိုးရသည် နိုင်ငံထဲမှ ယင်လပ် ထွက်ခွာသွားရန် လိုလိုလားလား ရှိနေသည် ဆိုခြင်းမှာ လူတိုင်းသိထားသည့် လျှို့ဝှက်ချက်သဖွယ် ဖြစ်နေသည်။ ထို့ကြောင့် တရားစွဲဆို ခံထားရသည့် ယင်လပ် အနေဖြင့် နောက်ဆုံး စီရင်ချက် မချမှတ်မီ ဒူဘိုင်းသို့ ရုတ်တရက် ထွက်ပြေး တိမ်းရှောင်သွားခြင်းတွင် လက်ရှိ ထိုင်းအစိုးရကိုယ်တိုင် လိုလိုလားလား လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာသည်။

