
ဆွီဒင်နိုင်ငံသား အော့တိုဝယ်လင်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာတွေရခဲ့ပေမယ့် အမေရိကန်နိုင်ငံသား ဒီယွန်တေးဝိုင်းဒါးနဲ့ မကျေပွဲအတွက် စိုးရိမ်စရာမရှိဘူးလို့ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဖြူရီက ပြောပါတယ်။ တိုင်ဆန်ဖြူရီဟာ ဝယ်လင်ရဲ့ လက်သီးချက်တွေကြောင့် ကွဲခဲ့တဲ့မျက်ခုံးကိုဆေးရုံမှာ အချက်(၄၀)ချုပ်ခဲ့ရပါတယ်။ ဒါပေမယ့်ဖေဖော်ဝါရီမှာ ထိုးသတ်ဖို့စီစဉ်နေတဲ့ ဒီယွန်တေးဝိုင်းဒါးနဲ့ပွဲကိုတော့ နောက်ဆုတ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ၀ယ်လင်ကိုအနိုင် တဲ့ပွဲအပြီးမှာလည်းတိုင်ဆန်ဖြူရီက သူ့ရဲ့နောက်ထပ်ပစ်မှတ်က ဒီယွန်တေး ၀ိုင်းဒါး ဖြစ်တယ်လို့ စိန်ခေါ်ထားပါတယ်။ WBCဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဒီယွန်တေးဝိုင်းဒါးနဲ့ တိုင်ဆန်ဖြူရီတို့ ပထမပွဲကို(၂၀၁၈)ဒီဇင်ဘာကထိုးသတ်ခဲ့ရာမှာ(၁၂)ချီပြည့်တဲ့အထိ အရှုံးအနိုင် အဖြေမပေါ်ခဲ့သလို ဒိုင်လူကြီး တွေရဲ့ အမှတ်ပေးမှုမှာလည်း တူညီနေခဲ့လို့သရေပွဲ အဖြစ်သာ သတ်မှတ်ခဲ့ပါတယ်။ သတင်းတွေအရတော့ တိုင်ဆန်ဖြူရီနဲ့ ဒီယွန်တေးဝိုင်းဒါးတို့ရဲ့ မကျေပွဲကို(၂၀၂၀) ဖေဖော်ဝါရီလ(၂၂)ရက်မှာ ထိုးသတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ one news




ယူအက်ဖ်စီ(UFC)လိုက်ဖ်ဝိတ်တန်းချန်ပီယံ ရုရှားနိုင်ငံသား ခါဘစ်နာမာဂိုမီဒေါ့ဗ်ဟာ စနေညကထိုးသတ်ခဲ့တဲ့ပွဲမှာ စိန်ခေါ်သူ အမေရိကန်နိုင်ငံသားဒက်စတင်ပွိုင်ရီယာကို အနိုင်ယူပြီး ချန်ပီယံဆုကိုဆက်ထိန်းနိုင်ခဲ့ပါတယ်။ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီးပွဲစကတည်းက နာမာဂိုမီဒေါ့ဗ်ဟာ သူအားသာတဲ့ အချုပ်အလှဲနဲ့ အတူ ဒက်စတင်ပွိုင်ရီယာကို အနိုင်ယူဖို့ကြိုးစားခဲ့ပါတယ်။ ဒုတိယအချီအစမှာတော့ ဒက်စတင်ပွိုင် ရီယာက အချုပ်မခံတော့ပဲ ခွာကစားခဲ့လို့ နာမာဂိုမီဒေါ့ဗ်ကစားရခက်ခဲ့ပါတယ်။ တတိယအချီအရောက်မှာတော့ ပွိုင်ရီယာဟာ နာမာဂိုမီဒေါ့ဗ်ရဲ့အချုပ်ကွက်မိခဲ့ပြီး အရှုံးပေးသွားခဲ့ရတာဖြစ်ပါတယ်။ အခုပွဲအနိုင်ရခဲ့တာကြောင့် နာမာဂိုမီဒေါ့ဗ်ဟာကစားသမား ဘ၀(၂၈)ပွဲကစားထားရာမှာ ပွဲတိုင်းအနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့သလို (UFC)လိုက်ဖ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကိုလည်း ဒုတိယအကြိမ်မြောက်အဖြစ် ကာကွယ် သွားနိုင်ခဲ့ပါတယ်။



