အသက် ၄ဝ ပြည့်သည်အထိ ကစားသွားရန် လီဝမ်ဒေါစကီး ရည်မှန်း
ဘိုင်ယန်မြူးနစ်နှင့်အတူ အံ့မခန်းရာသီဖြတ်သန်းနိုင်ပြီး နောက် ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါစကီး (၃၂)နှစ်သည် ဂျာမနီ တစ်နှစ် တာအကောင်းဆုံးဘောလုံးသမားဆုရရှိခဲ့သည်။ Kicker မဂ္ဂဇင်းနှင့်ထိပ်တန်းဂျာနယ်လစ်များက မဲရွေးချယ် ပေးအပ်သည့် ယင်းဆုကို လီဝမ်ဒေါစကီးက ဘိုင်ယန်အသင်းဖော်များဖြစ်သော မူလာနှင့် ဂျိုရွှာကင်မစ်ရှ် တို့ကို ကျော်ဖြတ်၍ရရှိခဲ့ခြင်း ဖြစ်သည်။ ၄င်းက အသက် ၄ဝ ပြည့်သည်အထိ ကစားသမားဘဝ ကို ဆက်ကစားနိုင်ရန် ရည်မှန်းထားသည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ ပြီးခဲ့သော ၂ဝ၁၉-၂ဝ၂ဝ ဘောလုံး ရာသီသည် အကောင်းဆုံးရာသီ ဖြစ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်း ဆုဖလားသုံးလုံးရယူနိုင်ခဲ့ရာတွင် ၅၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။ ၄င်းနှင့် ဘိုင်ယန်မြူးနစ်တို့ချုပ်ဆိုထားသောစာချုပ်မှာ သက်တမ်းသုံးနှစ် ကျန်ရှိ နေသေးသည်။ သို့သော် လီဝမ်ဒေါစကီး က အဆိုပါစာချုပ်သည် ၄င်း၏ ကစားသမားဘဝအတွက် နောက် ဆုံး စာချုပ်မဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။ ”လက်ရှိစာချုပ်က ကျွန်တော့် ကစားသမား ဘဝအတွက် နောက်ဆုံးစာချုပ် မဖြစ်နိုင်ပါဘူး။ ကျွန် တော်ဒီထက်ပိုပြီး အချိန်ကြာကြာ ကစားချင်ပါသေးတယ်။ ဒီထက် လည်းပိုပြီး အောင်မြင်မှုတွေ ရယူ ချင်ပါသေးတယ်။ နောက်ထပ် ၁ဝ နှစ်လောက် ကစားဖို့မဖြစ်နိုင်ပေ မယ့် ရှစ်နှစ်လောက်တော့ ကစား နိုင်မှာပါ”ဟု လီဝမ်ဒေါစကီးက ပြောသည်။ ၄င်းသည် ချန်ပီယံ လိဂ်တွင် ၁၅ ဂိုး သွင်းနိုင်ခဲ့သူ ဖြစ်သည်။