နယူးေယာက္ရွိ လာဂြါဒီယာေလဆိပ္၌ Air Canada ေလယာဥ္ႏွင့္မီးသတ္ကားတိုက္မိ၊ ေလယာဥ္မႉးႏွစ္ဦးေသဆုံး

နယူးေယာက္ရွိ လာဂြါဒီယာေလဆိပ္၌ Air Canada ေလယာဥ္ႏွင့္မီးသတ္ကားတိုက္မိ၊ ေလယာဥ္မႉးႏွစ္ဦးေသဆုံး
==========================
အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ရွိ လာဂြါဒီယာေလဆိပ္၌ မတ္လ ၂၃ ရက္အေစာပိုင္းတြင္ Air Canada ေလေၾကာင္းလိုင္းမွ ေလယာဥ္တစ္စင္း ဆင္းသက္စဥ္ မီးသတ္ကားတစ္စီးႏွင့္ တိုက္မိမႈျဖစ္ပြားရာ ေလယာဥ္မႉးႏွစ္ဦးေသဆုံးၿပီး လူအမ်ားအျပား ဒဏ္ရာရရွိေၾကာင္း တာဝန္ရွိသူမ်ားက အတည္ျပဳေျပာသည္။

ကေနဒါႏိုင္ငံ မြန္ထရီရယ္ၿမိဳ႕မွ ထြက္ခြာလာသည့္ ထိုေလယာဥ္ေပၚတြင္ ခရီးသည္ ၇၂ ဦးႏွင့္ ေလယာဥ္အမႈထမ္း ေလးဦးလိုက္ပါလာျခင္းျဖစ္သည္။ အဆိုပါ မေတာ္တဆမႈေၾကာင့္ ေလယာဥ္မႉးႏွင့္ လက္ေထာက္ေလယာဥ္မႉးတို႔ ေသဆုံးၿပီး စုစုေပါင္း ၄၁ ဦး ဒဏ္ရာရရွိရာ ၎တို႔အနက္ကိုးဦးမွာ ေဆး႐ုံတြင္ စိုးရိမ္ရသည့္ အေျခအေနျဖင့္ ကုသမႈခံယူေနရသည္။

မီးသတ္ကားသည္ အျခားေလယာဥ္တစ္စင္း၏ အေရးေပၚအေျခအေနကို သြားေရာက္ကူညီရန္ေျပးလမ္းကို ျဖတ္သန္းခြင့္ရရွိထားၿပီး ျဖတ္သန္းစဥ္ ေျပးလမ္းသို႔ ဆင္းလာသည့္ ေလယာဥ္ႏွင့္ ယခုကဲ့သို႔ တိုက္မိျခင္း ျဖစ္သည္။ အေမရိကန္အမ်ိဳးသား သယ္ယူပို႔ေဆာင္ေရး ေဘးကင္းလုံၿခဳံေရးဘုတ္အဖြဲ႕က စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ေစလႊတ္ထားၿပီး ေလေၾကာင္းထိန္းသိမ္းေရး ဆက္သြယ္မႈမ်ားကို အဓိကထား စစ္ေဆးသြားမည္ျဖစ္သည္။

ထိုျဖစ္စဥ္ေၾကာင့္ ေလဆိပ္ကိုေန႔လယ္ပိုင္းအထိ ပိတ္ထားရသျဖင့္ ေလေၾကာင္းခရီးစဥ္ ၅၀၀ ေက်ာ္ကို ဖ်က္သိမ္းရၿပီး ယခုျဖစ္စဥ္က အေမရိကန္၌ ေလေၾကာင္းထိန္းသိမ္းေရး ဝန္ထမ္းရွားပါးမႈ ျဖစ္ေပၚေနစဥ္ ျဖစ္ပြားျခင္းျဖစ္ကာ လုံၿခဳံေရးအရ စိုးရိမ္မႈမ်ားကို ျမင့္တက္ေစသည္။

Ref: AGC


နယူးယောက်ရှိ လာဂွါဒီယာလေဆိပ်၌ Air Canada လေယာဉ်နှင့်မီးသတ်ကားတိုက်မိ၊ လေယာဉ်မှူးနှစ်ဦးသေဆုံး
==========================
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ လာဂွါဒီယာလေဆိပ်၌ မတ်လ ၂၃ ရက်အစောပိုင်းတွင် Air Canada လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဆင်းသက်စဉ် မီးသတ်ကားတစ်စီးနှင့် တိုက်မိမှုဖြစ်ပွားရာ လေယာဉ်မှူးနှစ်ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက အတည်ပြုပြောသည်။

ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့မှ ထွက်ခွာလာသည့် ထိုလေယာဉ်ပေါ်တွင် ခရီးသည် ၇၂ ဦးနှင့် လေယာဉ်အမှုထမ်း လေးဦးလိုက်ပါလာခြင်းဖြစ်သည်။ အဆိုပါ မတော်တဆမှုကြောင့် လေယာဉ်မှူးနှင့် လက်ထောက်လေယာဉ်မှူးတို့ သေဆုံးပြီး စုစုပေါင်း ၄၁ ဦး ဒဏ်ရာရရှိရာ ၎င်းတို့အနက်ကိုးဦးမှာ ဆေးရုံတွင် စိုးရိမ်ရသည့် အခြေအနေဖြင့် ကုသမှုခံယူနေရသည်။

မီးသတ်ကားသည် အခြားလေယာဉ်တစ်စင်း၏ အရေးပေါ်အခြေအနေကို သွားရောက်ကူညီရန်ပြေးလမ်းကို ဖြတ်သန်းခွင့်ရရှိထားပြီး ဖြတ်သန်းစဉ် ပြေးလမ်းသို့ ဆင်းလာသည့် လေယာဉ်နှင့် ယခုကဲ့သို့ တိုက်မိခြင်း ဖြစ်သည်။ အမေရိကန်အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စေလွှတ်ထားပြီး လေကြောင်းထိန်းသိမ်းရေး ဆက်သွယ်မှုများကို အဓိကထား စစ်ဆေးသွားမည်ဖြစ်သည်။

ထိုဖြစ်စဉ်ကြောင့် လေဆိပ်ကိုနေ့လယ်ပိုင်းအထိ ပိတ်ထားရသဖြင့် လေကြောင်းခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းရပြီး ယခုဖြစ်စဉ်က အမေရိကန်၌ လေကြောင်းထိန်းသိမ်းရေး ဝန်ထမ်းရှားပါးမှု ဖြစ်ပေါ်နေစဉ် ဖြစ်ပွားခြင်းဖြစ်ကာ လုံခြုံရေးအရ စိုးရိမ်မှုများကို မြင့်တက်စေသည်။

Ref: AGC