ငပုေတာၿမိဳ႕နယ္အတြင္းရွိ သမီးလွကြၽန္း ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာအား “သမီးလွကြၽန္း အဏၰဝါအမ်ိဳးသားဥယ်ာဥ္” အျဖစ္ ေျပာင္းလဲ၍ ဧရိယာျပင္ဆင္သတ္မွတ္

ငပုေတာၿမိဳ႕နယ္အတြင္းရွိ သမီးလွကြၽန္း ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာအား “သမီးလွကြၽန္း အဏၰဝါအမ်ိဳးသားဥယ်ာဥ္” အျဖစ္ ေျပာင္းလဲ၍ ဧရိယာျပင္ဆင္သတ္မွတ္
======================
ျမန္မာႏိုင္ငံ၏ စတုတၳေျမာက္ အဏၰဝါအမ်ိဳးသားဥယ်ာဥ္ သဘာဝထိန္းသိမ္းေရးနယ္ေျမအျဖစ္ သတ္မွတ္ႏိုင္မည္ျဖစ္

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခ႐ိုင္၊ ငပုေတာၿမိဳ႕နယ္အတြင္းရွိ သမီးလွကြၽန္း ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာအား “သမီးလွကြၽန္း အဏၰဝါအမ်ိဳးသားဥယ်ာဥ္” အျဖစ္ ေျပာင္းလဲ၍ ဧရိယာျပင္ဆင္သတ္မွတ္လိုက္ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနမွ သိရသည္။

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနသည္ ၂၀၁၈ ခုႏွစ္၊ ေမလတြင္ ျပ႒ာန္းထားသည့္ ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္ သဘာဝထိန္းသိမ္းေရးနယ္ေျမမ်ား ကာကြယ္ေစာင့္ေရွာက္ျခင္းဆိုင္ရာဥပေဒ ပုဒ္မ ၁၀၊ ပုဒ္မခြဲ (က) အရ အပ္ႏွင္းထားေသာ အခြင့္အာဏာမ်ားကို က်င့္သုံးလ်က္ ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခ႐ိုင္၊ ငပုေတာၿမိဳ႕နယ္ရွိ “သမီးလွကြၽန္း ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ” အား ၎ေဒသကမ္း႐ိုးတန္းႏွင့္ အဏၰဝါေဂဟစနစ္မ်ား၊ သယံဇာတမ်ား၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ေရရွည္တည္တံ့ေစၿပီး ေပါႂကြယ္ဝလာေစရန္ႏွင့္ အဏၰဝါသဘာဝထိန္းသိမ္းေရးနယ္ေျမ တည္ေထာင္မႈကို ျမႇင့္တင္ႏိုင္ေစရန္ရည္႐ြယ္၍ မူလေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ ဧရိယာ (၂၁၇ ဒသမ ၆) ဧကအား ေရျပင္ (၁၁၈၉၇)ဧက တိုးခ်ဲ႕၍ စုစုေပါင္း (၁၂၁၁၄ ဒသမ ၆၀) ဧကျဖင့္ “သမီးလွကြၽန္း အဏၰဝါအမ်ိဳးသားဥယ်ာဥ္” အျဖစ္ ေျပာင္းလဲ၍ ဧရိယာ ျပင္ဆင္သတ္မွတ္ျခင္းကို အမိန႔္ေၾကာ္ျငာစာအမွတ္ (၁၈/၂၀၂၆)အရ ၁၃၈၇ ခုႏွစ္၊ တေပါင္းလျပည့္ေက်ာ္ ၁၅ ရက္ (၂၀၂၆ ခုႏွစ္၊ မတ္လ ၁၇ ရက္) မွစ၍ ျပင္ဆင္သတ္မွတ္ေၾကာင္း ေၾကညာခဲ့သည္။

သမီးလွကြၽန္းသည္ ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခ႐ိုင္၊ ငပုေတာၿမိဳ႕နယ္၊ ဟိုင္းႀကီးၿမိဳ႕နယ္ခြဲ၊ သမိုင္းဝင္ေမာ္တင္စြန္းဘုရားမွ ေရမိုင္ (၆)မိုင္အကြာ၊ ဘဂၤလားပင္လယ္ေအာ္ (Bay of Bengal)ႏွင့္ အက္ဒမန္ပင္လယ္ (Andaman Sea) တို႔၏ ေရေၾကာင္းမ်ားဆုံရာအနီး ငဝန္ျမစ္ (ပုသိမ္ျမစ္ဝ)၌ တည္ရွိသည္။ ေျမမ်က္ႏွာသြင္ ျပန႔္ျပဴးၿပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ (၈) ေပမွ (၁၁)ေပ အတြင္း၌ တည္ရွိသည္။

သမီးလွကြၽန္းသည္ ၾကည္လင္ေသာ ပင္လယ္ျပင္အတြင္း စိမ္းလန္းေသာ ကြၽန္းႏွင့္ ျဖဴေဖြးသန႔္ရွင္းေသာ သဲေသာင္ျပင္မ်ားေၾကာင့္ ထင္ရွားသည့္အျပင္ ကမာၻ႔ရွားပါးစာရင္းဝင္ႏွင့္ က်န္ ပင္လယ္လိပ္မ်ား တစ္ႏွစ္ပတ္လုံး လာေရာက္ဥခ်သည့္ ျမန္မာ့တစ္ေနရာတည္းေသာ ကြၽန္းအျဖစ္ ထင္ရွားသည္။

သမီးလွကြၽန္း၌ ႐ြက္ျပတ္ေတာ၊ ေရာေႏွာေတာ၊ အၿမဲစိမ္းေတာ၊ ဒီေရေတာ အမ်ိဳးအစားမ်ားေတြ႕ရွိရၿပီး အမ်ားစုမွာ ဒီေရေတာေဂဟစနစ္အျဖစ္ ျဗဴးအုပ္ေဆာင္း၊ ျဗဴးေျခေထာက္ဖို၊ သင္ေပါင္း၊ ျဗဴးေျခေထာက္မ၊ ကနစို၊ ခယာ၊ ဓနိ၊ ပင္လယ္အုန္း၊ မိေခ်ာင္းႏြယ္အပင္မ်ား ေပါက္ေရာက္ပါသည္။ ေတာ႐ိုင္းတိရစာၦန္မ်ားအေနျဖင့္ ကမာၻ႔ရွားပါး ပင္လယ္လိပ္မ်ိဳးမ်ားျဖစ္သည့္ ျပင္သာလိပ္၊ လိပ္စိမ္း၊ လိပ္ေလွာင္း၊ လိပ္ေခြး၊ လိပ္ေခါင္တန္းတို႔ ဥခ်သားေပါက္ရာ ေဒသျဖစ္ၿပီး လင္းပိုင္၊ ေရဝက္၊ လင္းရႉး၊ ပုစြန္၊ ဂဏန္းႏွင့္ ငါးမ်ိဳးစိတ္မ်ား ရွင္သန္က်က္စားရာေနရာ ျဖစ္သကဲ့သို႔ ဒရယ္၊ လင္းဆြဲ၊ ခ်ိဳး၊ ဘြတ္ကလုံ၊ လင္းယုန္၊ ေျမဝပ္၊ ငွက္ဝါ၊ ငွက္ခါး၊ စြန္၊ ဆက္ရက္၊ ပိန္ညႇင္း၊ ေရၾကက္ႏွင့္ ဝန္ပို/ဝန္လို ကဲ့သို႔ေသာ ကုန္းေနႏွင့္ ငွက္မ်ိဳးစိတ္မ်ားအတြက္ နားခိုက်က္စားရာ ေနရာေဒသတစ္ခုလည္းျဖစ္သည္။

“သမီးလွကြၽန္း အဏၰဝါအမ်ိဳးသားဥယ်ာဥ္” အျဖစ္ သတ္မွတ္ဖြဲ႕စည္းျခင္းျဖင့္ ျမန္မာႏိုင္ငံ၏ စတုတၳေျမာက္ အဏၰဝါအမ်ိဳးသားဥယ်ာဥ္ သဘာဝထိန္းသိမ္းေရးနယ္ေျမအျဖစ္ သတ္မွတ္ႏိုင္မည္ျဖစ္ၿပီး ၎ေဒသရွိ ကမ္း႐ိုးတန္း၊ အဏၰဝါေဂဟစနစ္ႏွင့္ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားအား ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္မည္ျဖစ္ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ သိရသည္။


ငပုတောမြို့နယ်အတွင်းရှိ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား “သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲ၍ ဧရိယာပြင်ဆင်သတ်မှတ်
======================
မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်နိုင်မည်ဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား “သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲ၍ ဧရိယာပြင်ဆင်သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ မေလတွင် ပြဋ္ဌာန်းထားသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံးလျက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ “သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အား ၎င်းဒေသကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ၊ သယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေပြီး ပေါကြွယ်ဝလာစေရန်နှင့် အဏ္ဏဝါသဘာဝထိန်းသိမ်းရေးနယ်မြေ တည်ထောင်မှုကို မြှင့်တင်နိုင်စေရန်ရည်ရွယ်၍ မူလတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဧရိယာ (၂၁၇ ဒသမ ၆) ဧကအား ရေပြင် (၁၁၈၉၇)ဧက တိုးချဲ့၍ စုစုပေါင်း (၁၂၁၁၄ ဒသမ ၆၀) ဧကဖြင့် “သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲ၍ ဧရိယာ ပြင်ဆင်သတ်မှတ်ခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၆)အရ ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၅ ရက် (၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်) မှစ၍ ပြင်ဆင်သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

သမီးလှကျွန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးမြို့နယ်ခွဲ၊ သမိုင်းဝင်မော်တင်စွန်းဘုရားမှ ရေမိုင် (၆)မိုင်အကွာ၊ ဘင်္ဂလားပင်လယ်အော် (Bay of Bengal)နှင့် အက်ဒမန်ပင်လယ် (Andaman Sea) တို့၏ ရေကြောင်းများဆုံရာအနီး ငဝန်မြစ် (ပုသိမ်မြစ်ဝ)၌ တည်ရှိသည်။ မြေမျက်နှာသွင် ပြန့်ပြူးပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၈) ပေမှ (၁၁)ပေ အတွင်း၌ တည်ရှိသည်။

သမီးလှကျွန်းသည် ကြည်လင်သော ပင်လယ်ပြင်အတွင်း စိမ်းလန်းသော ကျွန်းနှင့် ဖြူဖွေးသန့်ရှင်းသော သဲသောင်ပြင်များကြောင့် ထင်ရှားသည့်အပြင် ကမ္ဘာ့ရှားပါးစာရင်းဝင်နှင့် ကျန် ပင်လယ်လိပ်များ တစ်နှစ်ပတ်လုံး လာရောက်ဥချသည့် မြန်မာ့တစ်နေရာတည်းသော ကျွန်းအဖြစ် ထင်ရှားသည်။

သမီးလှကျွန်း၌ ရွက်ပြတ်တော၊ ရောနှောတော၊ အမြဲစိမ်းတော၊ ဒီရေတော အမျိုးအစားများတွေ့ရှိရပြီး အများစုမှာ ဒီရေတောဂေဟစနစ်အဖြစ် ဗြူးအုပ်ဆောင်း၊ ဗြူးခြေထောက်ဖို၊ သင်ပေါင်း၊ ဗြူးခြေထောက်မ၊ ကနစို၊ ခယာ၊ ဓနိ၊ ပင်လယ်အုန်း၊ မိချောင်းနွယ်အပင်များ ပေါက်ရောက်ပါသည်။ တောရိုင်းတိရစ္ဆာန်များအနေဖြင့် ကမ္ဘာ့ရှားပါး ပင်လယ်လိပ်မျိုးများဖြစ်သည့် ပြင်သာလိပ်၊ လိပ်စိမ်း၊ လိပ်လှောင်း၊ လိပ်ခွေး၊ လိပ်ခေါင်တန်းတို့ ဥချသားပေါက်ရာ ဒေသဖြစ်ပြီး လင်းပိုင်၊ ရေဝက်၊ လင်းရှူး၊ ပုစွန်၊ ဂဏန်းနှင့် ငါးမျိုးစိတ်များ ရှင်သန်ကျက်စားရာနေရာ ဖြစ်သကဲ့သို့ ဒရယ်၊ လင်းဆွဲ၊ ချိုး၊ ဘွတ်ကလုံ၊ လင်းယုန်၊ မြေဝပ်၊ ငှက်ဝါ၊ ငှက်ခါး၊ စွန်၊ ဆက်ရက်၊ ပိန်ညှင်း၊ ရေကြက်နှင့် ဝန်ပို/ဝန်လို ကဲ့သို့သော ကုန်းနေနှင့် ငှက်မျိုးစိတ်များအတွက် နားခိုကျက်စားရာ နေရာဒေသတစ်ခုလည်းဖြစ်သည်။

“သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်နိုင်မည်ဖြစ်ပြီး ၎င်းဒေသရှိ ကမ်းရိုးတန်း၊ အဏ္ဏဝါဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။