မြောက်ကိုရီးယားက အမြင့်ပျံဒုံးကျည် ၁၀ စင်းကို ဂျပန်ပင်လယ်ထဲသို့ ပစ်လွှတ်

========================
မြောက်ကိုရီးယားနိုင်ငံက အမြင့်ပျံဒုံးကျည် ၁၀ စင်းကို ဂျပန်ပင်လယ်ထဲသို့ပစ်လွှတ်ကြောင်း တောင်ကိုရီးယားစစ်ဘက်ကထုတ်ပြန်ထားသည်။ အမျိုးအမည်မသိရသေးသောဒုံးကျည် ၁၀ စင်းကို မတ်လ၁၄ ရက်တွင်ပစ်လွှတ်လိုက်ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်များရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့ပြင် အဆိုပါဒုံးကျည်များသည် ကီလိုမီတာ ၃၅၀ ခန့်ပျံသန်းသွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အမေရိကန်နှင့်တောင်ကိုရီးယားတို့ကFreedom Shield အမည်ဖြင့်ပူးတွဲစစ်ရေး လေ့ကျင့်မှုများလုပ်ဆောင်နေစဉ် မြောက်ကိုရီးယားက ယခုကဲ့သို့ဒုံးကျည်များပစ်လွှတ်ခြင်းဖြစ်သည်။ အမေရိကန်နှင့်တောင်ကိုရီးယားတို့က အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို မတ်လ ၁၉ ရက်အထိဆောင်ရွက်သွားရန် စီစဉ်ထားသည်။

အမေရိကန်နှင့်တောင်ကိုရီးယားတို့ ပူးတွဲလုပ်ဆောင်နေသော စစ်ရေးလေ့ကျင့်မှုများသည် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေကြောင်း၊ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အလွန်အင်အားကြီးပြင်းထန်သည့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ကြိုတင်လက်ဦးမှုယူ ချေမှုန်းသွားရန်အသင့်ရှိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ညီမ ကင်ယိုဂျုံ ကပြောထားသည်။