အေမရိကန္၏ ကမာၻ႔အႀကီးဆုံး ေလယာဥ္တင္သေဘၤာ အေရွ႕အလယ္ပိုင္းသို႔ ဦးတည္သြားေန

အေမရိကန္၏ ကမာၻ႔အႀကီးဆုံး ေလယာဥ္တင္သေဘၤာ အေရွ႕အလယ္ပိုင္းသို႔ ဦးတည္သြားေန
======================
အေမရိကန္၏ ကမာၻ႔အႀကီးဆုံးေသာ ေလယာဥ္တင္သေဘၤာႀကီးျဖစ္သည့္ USS Gerald R. Ford သည္ အေရွ႕အလယ္ပိုင္းရွိ အင္အားခ်ဲ႕ထြင္မႈတြင္ ပူးေပါင္းရန္ ဦးတည္သြားေနေၾကာင္းႏွင့္ ေဖေဖာ္ဝါရီလ ၂၃ ရက္တြင္ ဂရိႏိုင္ငံ ခရီတစ္ကြၽန္းရွိ ဆူဒါပင္လယ္ေအာ္ အေမရိကန္ေရတပ္အေျခစိုက္စခန္းသို႔ ေရာက္ရွိလာေၾကာင္းသိရသည္။

အေနာက္အုပ္စုက အဏုျမဴလက္နက္ ထုတ္လုပ္ရန္ ရည္႐ြယ္သည္ဟု စိုးရိမ္လ်က္ရွိသည့္ အီရန္၏န်ဴကလီးယား အစီအစဥ္ႏွင့္ပတ္သက္၍ အေပးအယူအသစ္ မလုပ္ေဆာင္ပါက စစ္ေရးအရအေရးယူမည္ဟု အေမရိကန္သမၼတ ထရမ့္က ထပ္တလဲလဲ ၿခိမ္းေျခာက္ထားၿပီးေနာက္ အေရွ႕အလယ္ပိုင္းတြင္ စစ္အင္အားကို တိုးျမႇင့္ျဖန႔္ၾကက္ေနျခင္းျဖစ္သည္။

လက္ရွိတြင္ အေမရိကန္သည္ အေရွ႕အလယ္ပိုင္း၌ USS Abraham Lincoln အပါအဝင္ အနည္းဆုံးစစ္သေဘၤာ ၁၂ စင္းျဖန႔္ၾကက္ၿပီးျဖစ္ရာ ယခုကဲ့သို႔ ေလယာဥ္တင္သေဘၤာႏွစ္စင္းအထိ အင္အားတိုးျမႇင့္ျဖန႔္ၾကက္ျခင္းမွာ ျဖစ္ခဲေသာအေျခအေနျဖစ္သည္။ အေရွ႕အလယ္ပိုင္းသို႔ ယခုဦးတည္လာေနေသာ ေလယာဥ္တင္သေဘၤာသည္ ေလယာဥ္လႊတ္တင္မႈစနစ္အသစ္မ်ားျဖင့္ စြမ္းေဆာင္ရည္ျမင့္မားစြာ တည္ေဆာက္ထားသည့္ အႀကီးဆုံးစစ္သေဘၤာလည္းျဖစ္သည္။


အမေရိကန်၏ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော အရှေ့အလယ်ပိုင်းသို့ ဦးတည်သွားနေ
======================
အမေရိကန်၏ ကမ္ဘာ့အကြီးဆုံးသော လေယာဉ်တင်သင်္ဘောကြီးဖြစ်သည့် USS Gerald R. Ford သည် အရှေ့အလယ်ပိုင်းရှိ အင်အားချဲ့ထွင်မှုတွင် ပူးပေါင်းရန် ဦးတည်သွားနေကြောင်းနှင့် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဂရိနိုင်ငံ ခရီတစ်ကျွန်းရှိ ဆူဒါပင်လယ်အော် အမေရိကန်ရေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာကြောင်းသိရသည်။

အနောက်အုပ်စုက အဏုမြူလက်နက် ထုတ်လုပ်ရန် ရည်ရွယ်သည်ဟု စိုးရိမ်လျက်ရှိသည့် အီရန်၏နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ အပေးအယူအသစ် မလုပ်ဆောင်ပါက စစ်ရေးအရအရေးယူမည်ဟု အမေရိကန်သမ္မတ ထရမ့်က ထပ်တလဲလဲ ခြိမ်းခြောက်ထားပြီးနောက် အရှေ့အလယ်ပိုင်းတွင် စစ်အင်အားကို တိုးမြှင့်ဖြန့်ကြက်နေခြင်းဖြစ်သည်။

လက်ရှိတွင် အမေရိကန်သည် အရှေ့အလယ်ပိုင်း၌ USS Abraham Lincoln အပါအဝင် အနည်းဆုံးစစ်သင်္ဘော ၁၂ စင်းဖြန့်ကြက်ပြီးဖြစ်ရာ ယခုကဲ့သို့ လေယာဉ်တင်သင်္ဘောနှစ်စင်းအထိ အင်အားတိုးမြှင့်ဖြန့်ကြက်ခြင်းမှာ ဖြစ်ခဲသောအခြေအနေဖြစ်သည်။ အရှေ့အလယ်ပိုင်းသို့ ယခုဦးတည်လာနေသော လေယာဉ်တင်သင်္ဘောသည် လေယာဉ်လွှတ်တင်မှုစနစ်အသစ်များဖြင့် စွမ်းဆောင်ရည်မြင့်မားစွာ တည်ဆောက်ထားသည့် အကြီးဆုံးစစ်သင်္ဘောလည်းဖြစ်သည်။