အီရန္အား တိုက္ခိုက္မႈလုပ္ေဆာင္ဖြယ္ရွိျခင္း၏ အႏၲရာယ္ကို အေမရိကန္စစ္ဗိုလ္ခ်ဳပ္ႀကီး သတိေပး

အီရန္အား တိုက္ခိုက္မႈလုပ္ေဆာင္ဖြယ္ရွိျခင္း၏ အႏၲရာယ္ကို အေမရိကန္စစ္ဗိုလ္ခ်ဳပ္ႀကီး သတိေပး
============================
ေဖေဖာ္ဝါရီ ၂၆

စစ္လက္နက္ပစၥည္းႏွင့္ မဟာမိတ္ႏိုင္ငံမ်ား၏ ေထာက္ခံမႈေလ်ာ့နည္းေနျခင္းေၾကာင့္ အီရန္အေပၚ လုပ္ေဆာင္ႏိုင္ေျခရွိသည့္ တိုက္ခိုက္မႈမွာ အေမရိကန္တပ္ဖြဲ႕ဝင္မ်ားအတြက္ အႏၲရာယ္ပိုမိုႀကီးမားသည့္ သေဘာ သက္ေရာက္ေၾကာင္း အေမရိကန္ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႕ဥကၠ႒ ဒန္ကိန္း က သတိေပးခဲ့သည္ဟု အေမရိကန္ မီဒီယာ အမ်ားအျပားက ေဖေဖာ္ဝါရီလ ၂၃ ရက္၌ ေဖာ္ျပခဲ့သည္။

အေမရိကန္အေနျဖင့္ အစၥေရးအား ဆက္လက္အကာအကြယ္ေပးေနရျခင္းႏွင့္ ယူကရိန္းအား ေထာက္ပံ့ ေနရျခင္းတို႔ေၾကာင့္ အေမရိကန္၏ လက္က်န္စစ္လက္နက္ပစၥည္းပမာဏမွာ သိသိသာသာ ေလ်ာ့နည္းလာသည့္ အတြက္ အီရန္အား အႀကီးစားစစ္ဆင္ေရး လုပ္ေဆာင္မႈမွန္သမွ်သည္ စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ရႏိုင္သည္ဟု လြန္ခဲ့ေသာသီတင္းပတ္ကျပဳလုပ္သည့္ အိမ္ျဖဴေတာ္အစည္းအေဝး၌ သမၼတ ေဒၚနယ္ထရမ့္ ႏွင့္ ၎၏ ထိပ္တန္း လက္ေထာက္မ်ားအား ကိန္း က သတိေပးေျပာၾကားခဲ့ေၾကာင္း အဆိုပါေဆြးေႏြးမႈႏွင့္ပတ္သက္၍ သိရွိထားသည့္ သတင္းရင္းျမစ္မ်ား၏ ေျပာၾကားခ်က္ကို ကိုးကား၍ ဝါရွင္တန္ပို႔စ္သတင္းစာက ေဖာ္ျပခဲ့သည္။

အီရန္အား ပစ္မွတ္ထားသည့္ စစ္ေရးတိုက္ခိုက္မႈမ်ား၏ အတိုင္းအဆႏွင့္ ခက္ခဲရႈပ္ေထြးမႈ၊ အေမရိကန္ဘက္မွ ထိခိုက္က်ဆုံးမႈ ျဖစ္ေပၚႏိုင္ေျခတို႔ႏွင့္စပ္လ်ဥ္း၍ ယခုလအေစာပိုင္းက ပင္တဂြန္၌ျပဳလုပ္သည့္ အစည္းအေဝးမ်ားတြင္လည္း ကိန္း က ၎၏စိုးရိမ္မႈမ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့သည္ဟု အမည္မေဖာ္လိုသည့္ သတင္းရင္းျမစ္မ်ားကို ကိုးကား၍ ဝါရွင္တန္ပို႔စ္က ေဖာ္ျပခဲ့သည္။

ထို႔ျပင္ အီရန္အား စစ္ေရးအရတိုက္ခိုက္မႈမွာ အခ်ိန္ၾကာျမင့္သည့္ စစ္ေရးပဋိပကၡတစ္ခုဆီသို႔ ဦးတည္ေစႏိုင္ ေၾကာင္းလည္း ကိန္း က သတိေပးခဲ့သည္ဟု Axios သတင္းဌာနက ေဖေဖာ္ဝါရီလ ၂၃ ရက္၌ ေဖာ္ျပခဲ့သည္။

သမၼတ၏ ထိပ္တန္းစစ္ဘက္ေရးရာ အႀကံေပးပုဂၢိဳလ္ျဖစ္သည့္ ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႕ ဥကၠ႒အေနျဖင့္ စစ္ေရးအရ ေ႐ြးခ်ယ္စရာ နည္းလမ္းအမ်ိဳးမ်ိဳးကိုသာမက အရန္အျဖစ္ထည့္သြင္းစဥ္းစားရမည့္ အခ်က္မ်ားႏွင့္ ေနာက္ဆက္တြဲအက်ိဳးဆက္မ်ား၊ အႏၲရာယ္မ်ားကိုလည္း အေမရိကန္၏ လုံၿခဳံေရးဆိုင္ရာ ဆုံးျဖတ္ခ်က္မ်ား ခ်မွတ္သည့္ အရပ္ဘက္ေခါင္းေဆာင္မ်ားအား တင္ျပခဲ့သည္ဟု ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႕ ဥကၠ႒႐ုံးက ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။

သမၼတထရမ့္က ထိုအေရးကိစၥႏွင့္ပတ္သက္သည့္ ထင္ျမင္ခ်က္အမ်ိဳးမ်ိဳးကို နားေထာင္ခဲ့ေသာ္လည္း မိမိတို႔ ႏိုင္ငံႏွင့္ အမ်ိဳးသားလုံၿခဳံေရးအတြက္ အသင့္ေလ်ာ္ဆုံးျဖစ္မည့္ နည္းလမ္းကိုအေျခခံ၍ အၿပီးသတ္ဆုံးျဖတ္ သြားမည္ဟု အိမ္ျဖဴေတာ္ေျပာခြင့္ရအမ်ိဳးသမီး အန္နာ ကယ္လီက ဆိုသည္။

အေမရိကန္-အီရန္ ေဆြးေႏြးပြဲအသစ္ကို ဂ်ီနီဗာၿမိဳ႕တြင္ ေဖေဖာ္ဝါရီလ ၂၆ ရက္၌က်င္းပရန္ စီစဥ္ထားကာ ယူေရနီယမ္သန႔္စင္သည့္ ပမာဏႏွင့္ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား ေျဖေလွ်ာ့ေရးအပါအဝင္ အီရန္၏ န်ဴကလီးယား အစီအစဥ္ႏွင့္ပတ္သက္၍ အဓိကဦးတည္ေဆြးေႏြးသြားမည္ဟု ယူဆရသည္။

ေလ့လာသုံးသပ္သူအမ်ားအျပားက လာမည့္ အေမရိကန္-အီရန္ ေဆြးေႏြးပြဲမွာ အီရန္အား အေမရိကန္ႏွင့္ အစၥေရးတို႔ ပူးတြဲလုပ္ေဆာင္ဖြယ္ရွိေသာ စစ္ဆင္ေရးမတိုင္မီ သံတမန္ေရးအရ ေနာက္ဆုံးအခြင့္အလမ္း ျဖစ္ဖြယ္ ရွိသည္ဟု သုံးသပ္ထားသည္။

ထရမ့္အစိုးရသည္ အေရွ႕အလယ္ပိုင္းေဒသ၌ စစ္အင္အားအလုံးအရင္း ျဖန႔္ၾကက္လ်က္ရွိသလို အီရန္အား အကန႔္အသတ္ျဖင့္ စစ္ေရးအရ တိုက္ခိုက္မႈလုပ္ေဆာင္ရန္ စဥ္းစားေနသည္ဟု ထရမ့္ က ေဖေဖာ္ဝါရီလ ၂၀ ရက္၌ ေျပာၾကားခဲ့သည္။


အီရန်အား တိုက်ခိုက်မှုလုပ်ဆောင်ဖွယ်ရှိခြင်း၏ အန္တရာယ်ကို အမေရိကန်စစ်ဗိုလ်ချုပ်ကြီး သတိပေး
============================
ဖေဖော်ဝါရီ ၂၆

စစ်လက်နက်ပစ္စည်းနှင့် မဟာမိတ်နိုင်ငံများ၏ ထောက်ခံမှုလျော့နည်းနေခြင်းကြောင့် အီရန်အပေါ် လုပ်ဆောင်နိုင်ခြေရှိသည့် တိုက်ခိုက်မှုမှာ အမေရိကန်တပ်ဖွဲ့ဝင်များအတွက် အန္တရာယ်ပိုမိုကြီးမားသည့် သဘော သက်ရောက်ကြောင်း အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဒန်ကိန်း က သတိပေးခဲ့သည်ဟု အမေရိကန် မီဒီယာ အများအပြားက ဖေဖော်ဝါရီလ ၂၃ ရက်၌ ဖော်ပြခဲ့သည်။

အမေရိကန်အနေဖြင့် အစ္စရေးအား ဆက်လက်အကာအကွယ်ပေးနေရခြင်းနှင့် ယူကရိန်းအား ထောက်ပံ့ နေရခြင်းတို့ကြောင့် အမေရိကန်၏ လက်ကျန်စစ်လက်နက်ပစ္စည်းပမာဏမှာ သိသိသာသာ လျော့နည်းလာသည့် အတွက် အီရန်အား အကြီးစားစစ်ဆင်ရေး လုပ်ဆောင်မှုမှန်သမျှသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်သည်ဟု လွန်ခဲ့သောသီတင်းပတ်ကပြုလုပ်သည့် အိမ်ဖြူတော်အစည်းအဝေး၌ သမ္မတ ဒေါ်နယ်ထရမ့် နှင့် ၎င်း၏ ထိပ်တန်း လက်ထောက်များအား ကိန်း က သတိပေးပြောကြားခဲ့ကြောင်း အဆိုပါဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိထားသည့် သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။

အီရန်အား ပစ်မှတ်ထားသည့် စစ်ရေးတိုက်ခိုက်မှုများ၏ အတိုင်းအဆနှင့် ခက်ခဲရှုပ်ထွေးမှု၊ အမေရိကန်ဘက်မှ ထိခိုက်ကျဆုံးမှု ဖြစ်ပေါ်နိုင်ခြေတို့နှင့်စပ်လျဉ်း၍ ယခုလအစောပိုင်းက ပင်တဂွန်၌ပြုလုပ်သည့် အစည်းအဝေးများတွင်လည်း ကိန်း က ၎င်း၏စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကား၍ ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။

ထို့ပြင် အီရန်အား စစ်ရေးအရတိုက်ခိုက်မှုမှာ အချိန်ကြာမြင့်သည့် စစ်ရေးပဋိပက္ခတစ်ခုဆီသို့ ဦးတည်စေနိုင် ကြောင်းလည်း ကိန်း က သတိပေးခဲ့သည်ဟု Axios သတင်းဌာနက ဖေဖော်ဝါရီလ ၂၃ ရက်၌ ဖော်ပြခဲ့သည်။

သမ္မတ၏ ထိပ်တန်းစစ်ဘက်ရေးရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌအနေဖြင့် စစ်ရေးအရ ရွေးချယ်စရာ နည်းလမ်းအမျိုးမျိုးကိုသာမက အရန်အဖြစ်ထည့်သွင်းစဉ်းစားရမည့် အချက်များနှင့် နောက်ဆက်တွဲအကျိုးဆက်များ၊ အန္တရာယ်များကိုလည်း အမေရိကန်၏ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်သည့် အရပ်ဘက်ခေါင်းဆောင်များအား တင်ပြခဲ့သည်ဟု ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သမ္မတထရမ့်က ထိုအရေးကိစ္စနှင့်ပတ်သက်သည့် ထင်မြင်ချက်အမျိုးမျိုးကို နားထောင်ခဲ့သော်လည်း မိမိတို့ နိုင်ငံနှင့် အမျိုးသားလုံခြုံရေးအတွက် အသင့်လျော်ဆုံးဖြစ်မည့် နည်းလမ်းကိုအခြေခံ၍ အပြီးသတ်ဆုံးဖြတ် သွားမည်ဟု အိမ်ဖြူတော်ပြောခွင့်ရအမျိုးသမီး အန်နာ ကယ်လီက ဆိုသည်။

အမေရိကန်-အီရန် ဆွေးနွေးပွဲအသစ်ကို ဂျီနီဗာမြို့တွင် ဖေဖော်ဝါရီလ ၂၆ ရက်၌ကျင်းပရန် စီစဉ်ထားကာ ယူရေနီယမ်သန့်စင်သည့် ပမာဏနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့ရေးအပါအဝင် အီရန်၏ နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ အဓိကဦးတည်ဆွေးနွေးသွားမည်ဟု ယူဆရသည်။

လေ့လာသုံးသပ်သူအများအပြားက လာမည့် အမေရိကန်-အီရန် ဆွေးနွေးပွဲမှာ အီရန်အား အမေရိကန်နှင့် အစ္စရေးတို့ ပူးတွဲလုပ်ဆောင်ဖွယ်ရှိသော စစ်ဆင်ရေးမတိုင်မီ သံတမန်ရေးအရ နောက်ဆုံးအခွင့်အလမ်း ဖြစ်ဖွယ် ရှိသည်ဟု သုံးသပ်ထားသည်။

ထရမ့်အစိုးရသည် အရှေ့အလယ်ပိုင်းဒေသ၌ စစ်အင်အားအလုံးအရင်း ဖြန့်ကြက်လျက်ရှိသလို အီရန်အား အကန့်အသတ်ဖြင့် စစ်ရေးအရ တိုက်ခိုက်မှုလုပ်ဆောင်ရန် စဉ်းစားနေသည်ဟု ထရမ့် က ဖေဖော်ဝါရီလ ၂၀ ရက်၌ ပြောကြားခဲ့သည်။