ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဇေယျာသီရိမြို့နယ် ပါတီဝင် ၃၀၀၀ ကျော်နှင့် တွေ့ဆုံပွဲသို့တက်ရောက်



ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဇေယျာသီရိမြို့နယ် ပါတီဝင် ၃၀၀၀ ကျော်နှင့် တွေ့ဆုံပွဲသို့တက်ရောက်
=============
ဒီဇင်ဘာ ၂၂၊ ဇေယျာသီရိ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် ၂၁-၁၂-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပါတီရုံးဝန်းအတွင်း၌ ပြုလုပ်ကျင်းပသော ဇေယျာသီရိမြို့နယ်အတွင်းရှိ ပါတီဝင် ၃၀၀၀ ကျော်နှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲမစတင်မီ အနုပညာရှင်များနှင့် ပါတီဌာနချုပ်တေးဂီတအဖွဲ့မှ ပါတီတေးသီချင်းများဖြင့် သီဆိုဧည့်ခံခဲ့ပြီး နံနက် ၀၈၄၅ အချိန်တွင် တွေ့ဆုံပွဲအား နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုစတင်ခဲ့ပါသည်။ ထို့နောက် ပါတီဌာနချုပ်တေးဂီတအဖွဲ့မှ “အနာဂတ်ရောင်ခြည်”သီချင်းဖြင့် သီဆိုဖျော်ဖြေပါသည်။
၎င်းနောက် ပါတီဥက္ကဋ္ဌမှ အမှာစကားပြောကြားရာ “ယနေ့ကိုယ်တွေရဲ့ ပါတီအင်အားကို ထုထည်နဲ့ မြင်တွေ့ရတဲ့အတွက် များစွာဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတို့အတွက် ဆောင်ရွက်ပေးနိုင်ဖို့ အခွင့်အရေးဟာ လက်တကမ်းအလိုမှာ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဒီအခွင့်အရေးကို မိမိရရဆုပ်ကိုင်နိုင်ဖို့ လာမည့်ရွေးကောက်ပွဲမှာ မဲပေးကြရန်နဲ့ မဲပေးရမည့် ပြည်သူများကို မပျက်မကွက်မဲသွားပေးကြဖို့ တိုက်တွန်းစေလိုကြောင်း၊ အသိပညာရှင် အတတ်ပညာရှင်များ၊ အတွေ့အကြုံရှိသူ လုပ်ကိုင်ဆောင်ရွက်ခဲ့ဘူးသောသူများ၊ အင်အားတောင့်တင်းခိုင်မာသောပါတီအဖွဲ့အစည်းရှိသူများစွာ ပါဝင်သည့် မိမိတို့ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြရန်၊ ပိုမိုခိုင်မာသော အနာဂတ်ကို အတူတကွလျှောက်လှမ်းကြရန်” ပြောကြားပါသည်။ ဆက်လက်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီဝင်ထုတွေ့ဆုံပွဲအခမ်းအနားဖြစ်မြောက်ရေးအတွက် လှူဒါန်းကြသူများအား ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
၎င်းနောက် ပါတီဝင်ထု (၃၀၀၀)ကျော်နှင့် “ပြည်ခိုင်ဖြိုးပါတီ နိုင်ရမည်”ကြွေးကြော်၍ ဇာတိမာန်သီချင်း သံပြိုင်သီဆိုကာ တွေ့ ဆုံပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။




