စက်ရုပ်ကို လက်သီးနဲ့ထိုးပြီး လည်ပင်းညှစ်ခဲ့တဲ့ IShowSpeed ဒေါ်လာ ၁ သန်း လျော်ကြေးနဲ့ တရားစွဲခံရ

စက်ရုပ်ကို လက်သီးနဲ့ထိုးပြီး လည်ပင်းညှစ်ခဲ့တဲ့ IShowSpeed ဒေါ်လာ ၁ သန်း လျော်ကြေးနဲ့ တရားစွဲခံရ
===============
နာမည်ကြီး YouTuber တစ်ယောက်ဖြစ်တဲ့ IShowSpeed တော့ ပြဿနာအကြီးကြီး တက်နေပါပြီ။ လူသိများတဲ့ Rizzbot စက်ရုပ်ကို Live လွှင့်နေရင်း အကြီးအကျယ် ဖျက်ဆီးခဲ့တာကြောင့် ဖန်တီးသူကုမ္ပဏီ Social Robotics က ဒေါ်လာ ၁ သန်း လျော်ကြေး တောင်းပြီး တရားစွဲလိုက်လို့ပါပဲ။
၂၀၂၅ စက်တင်ဘာ ၁၆ ရက်နေ့ Live မှာ IShowSpeed ရဲ့ လုပ်ရပ်က တော်တော်လေး ကြမ်းခဲ့ပါတယ်။ စက်ရုပ်ကို လက်သီးနဲ့ထိုး၊ လည်ပင်းညှစ်ရုံတင်မကဘဲ ဆိုဖာပေါ်ကိုပါ ပစ်ပေါက်ခဲ့တာပါ။ ကုမ္ပဏီဘက်ကတော့ ဒီဒဏ်တွေကြောင့် Rizzbot ဟာ ကင်မရာတွေကွဲ၊ ဆင်ဆာတွေပျက်ပြီး လမ်းတောင် မလျှောက်နိုင်တော့တဲ့ “Total Loss” အဆင့်ကို ရောက်သွားပြီလို့ ဆိုပါတယ်။
ဒီကိစ္စရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း မသေးပါဘူး။ Rizzbot အနေနဲ့ နာမည်ကြီး MrBeast နဲ့ တွဲရိုက်မယ့် အစီအစဉ်တွေ၊ CBS show တွေ အကုန်ပျက်စီးသွားခဲ့ရပြီး ကုမ္ပဏီအတွက် ငွေကြေးဆုံးရှုံးမှုတွေ အများကြီး ဖြစ်ခဲ့ရပါတယ်။
ညှိနှိုင်းလို့မရတဲ့အဆုံး Texas ပြည်နယ် တရားရုံးမှာ IShowSpeed နဲ့ သူ့အဖွဲ့ကို တရားဝင် စွဲချက်တင်လိုက်တာပါ။ လက်ရှိအချိန်ထိတော့ IShowSpeed ဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင် ပြန်လည်ဖြေရှင်းတာမျိုး မရှိသေးပါဘူး။
#DigitalTimes
Ref : Technology Innovation




