ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မွန်းတည့်ခွင်ကျေးရွာမှ ပြည်သူများနှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မွန်းတည့်ခွင်ကျေးရွာမှ ပြည်သူများနှင့်တွေ့ဆုံ

===========

နိုဝင်ဘာ ၇၊ နေပြည်တော်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မွန်းတည့်ခွင်ကျေးရွာ(မြောက်ပိုင်း)တွင် ပြုလုပ်သော မွန်းတည့်ခွင်ကျေးရွာမှ ပြည်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

 

တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဇေယျာသီရိမြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များ၊ တာဝန်ထမ်းဆောင်ခဲ့မှု အတွေ့အကြုံများနှင့် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားပြီး ပြည်သူများထံသို့ ကိုယ်စားလှယ်လောင်းများအား အပ်နှံကြောင်း၊ မိမိတို့ပါတီအနေဖြင့် ရွေးကောက်ပွဲပြုလုပ်မည့် နေရာဒေသအားလုံးတွင် ကဏ္ဍအသီးသီးကို တာဝန်ယူနိုင်သော အရည်အချင်းများစွာရှိသည့် ကိုယ်စားလှယ်လောင်းများလည်း ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ဆန္ဒမဲပေးကြရန် အရေးကြီးကြောင်း၊ ထိုသို့ပေးရာတွင် မိမိတို့ ပါတီမှကိုယ်စားလှယ်လောင်းများအား ယုံကြည်စွာဖြင့် ဆန္ဒမဲပေးကြနိုင်ပါကြောင်း ပြောကြားပါသည်။

 

ဆက်လက်ပြီး ပါတီဥက္ကဋ္ဌမှ ပါတီ၏ရွေးကောက်ပွဲအာမခံချက်များထဲမှ ဆောင်ရွက်ပေးမည့် တောင်သူလယ်သမားကဏ္ဍ၊ အလုပ်သမားကဏ္ဍ၊ ကျေးလက်ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍများနှင့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရမည့် နည်းစနစ်များကိုလည်း ပြည်သူများနားလည်သိရှိအောင် သရုပ်ပြရှင်းလင်းပြောကြားပါသည်။ ထို့နောက် မွန်းတည့်ခွင်ကျေးရွာမှ ပြည်သူများမှ တင်ပြသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ပြီး နေ့လည် ၁၁၃၀ အချိန်တွင် တွေ့ဆုံပွဲအခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။