ဩစတြေးလျ၏ လူမှုမီဒီယာအသုံးပြုမှုတားမြစ်ချက်ကိုလိုက်နာရန်TikTok၊ Meta နှင့် Snap တို့ သဘောတူ

ဩစတြေးလျ၏ လူမှုမီဒီယာအသုံးပြုမှုတားမြစ်ချက်ကိုလိုက်နာရန်TikTok၊ Meta နှင့် Snap တို့ သဘောတူ

===================

ဩစတြေးလျအစိုးရက ကမ္ဘာပေါ်တွင်ပထမဆုံးအဖြစ် အသက် ၁၆ နှစ်အောက်ကလေးငယ်များကို လူမှုမီဒီယာအသုံးပြုမှုတားမြစ်ထားပြီး ထိုတားမြစ်ချက်များကိုလိုက်နာရန်သဘောတူသည်ဟု လူမှုမီဒီယာကုမ္ပဏီများဖြစ်သည့် TikTok၊ Meta နှင့်Snap တို့က အောက်တိုဘာလ ၂၈ ရက်တွင်ဩစတြေးလျလွှတ်တော်သို့ပြောသည်။

ဩစတြေးလျလွှတ်တော်က အသက် ၁၆ နှစ်အောက်ကလေးများ လူမှုမီဒီယာအသုံးပြုမှုတားမြစ်သည့်ဥပဒေကို ယမန်နှစ်က အတည်ပြုခဲ့ခြင်းဖြစ်သည်။  ယင်းဥပဒေအရ အသက် ၁၆ နှစ်အောက်ရှိသူများအနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှစ၍ လူမှုမီဒီယာပလက်ဖောင်းများ၌အကောင့်ဖွင့်ခြင်းကိုတားမြစ်သွားမည်ဖြစ်သည်။

ထို့ကြောင့် TikTok၊ Meta နှင့် Snap တို့က ၎င်းတို့၏လူမှုမီဒီယာပလက်ဖောင်းများရှိ အသက် ၁၆ နှစ်အောက်ကလေးများ၏အကောင့်များကို ဩစတြေးလျအစိုးရ၏ဥပဒေတည်သောအချိန်မှစ၍ ပိတ်ထားပေးမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများမှတာဝန်ရှိသူများက လွှတ်တော်သို့လာ၍ကတိပြုခဲ့ခြင်းဖြစ်သည်။

ထိုဥပဒေအရ အသက် ၁၆ နှစ်အောက်ကလေးများအနေဖြင့် လူမှုမီဒီယာများ၏ပလက်ဖောင်းများတွင် အကောင့်များပိုင်ဆိုင်ထားပါက   ယင်းကုမ္ပဏီများအနေဖြင့်အမေရိကန်ဒေါ်လာ ၃၂ သန်းကျော်အထိဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်းသိရသည်။

Ref: Xinhua

#MWD